တန့်ဆည်မြို့သို့ စစ်ကူသွားမည့်  စစ်ကောင်စီတပ် ရေဦးတွင်  စစ်ကြောင်းထိုးနေ 

By MTO (မဇ္စျိမ)
23 November 2023
တန့်ဆည်မြို့သို့ စစ်ကူသွားမည့်  စစ်ကောင်စီတပ် ရေဦးတွင်  စစ်ကြောင်းထိုးနေ 
ပုံအညွှန်း - ရေဦးနယ်မြောက်ခြမ်းရှိကျေးရွာများမှ ပြည်သူများတိမ်းရှောင်နေကြစဉ်

မြို့ပေါ်စခန်းများ တိုက်ခိုက်ခံထားရသည့် တန့်ဆည်မြို့သို့ သွားရောက်မည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် ရေဦးမြို့နယ်ကို ဖြတ်နေသောကြောင့်  ကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ဦး ထက်မနည်းထွက်ပြေးတိမ်ရှောင်နေရသည်။

အင်အား ၁၅၀ ခန့် ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညတွင်ရေဦးမြို့နယ်၊ မြောက်ဘက်ခြမ်းရှိ ကျေးရွာများသို့  ရောက်ရှိလာခြင်းဟု ရေဦးမြို့အခြေစိုက် People's Defense Comrade အဖွဲ့တာဝန်ခံကိုထူးခန့်ဇော်က ပြောသည်။

“ ရေဦးကနေ တန့်ဆည်ကိုစစ်ကူပေးဖို့ထွက်လာတဲ့ စစ်ခွေးကြောင်းက ရေဦးနယ်မြောက်ဘက်ခြမ်း ဖိန်းကားရွာ၊ ဗိုလ်ရုံရွာတို့မှာ ဝင်ရောက်တပ်စွဲထားပြီး အနီးဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တို့နဲ့ ရမ်းသမ်းထုနေကြတယ်” ဟု ကိုထူးခန့်ဇော်က ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ညပိုင်းက ဗိုလ်ရုံရွာတွင် ညအိပ်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၃ရက်  နံနက်တွင် ဆပ်သေရွာသို့ ဦးတည်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောသည်။ 

" ရွာ ခုနှစ်ရွာက ဒေသခံတွေ ပြေးနေရတယ်။ စစ်‌တပ်က လက်နက်ကြီးတွေ ပစ်ပြီး ဝင်လာတာပါ"ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ရေဦးမြို့နယ်မြောက်ခြမ်းမှ  ဖိန်းကား၊ ရွာသစ်၊အုန်းနှဲပေါင်း၊ ဗိုလ်ရုံ၊ပန်းကုံး၊ ဆပ်သေ၊ အင်တောနှင့်ဇီးကန် စသည့် ကျေးရွာများ မှ ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဘေးလွတ်ရာ တိမ်းရှောင်နေရခြင်းဖြစ်သည်။

“ တန့်ဆည်နယ်ထဲတော့မရောက်သေးဘူး။ ဆပ်သေရွာနားကနေ အနီးနားဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” ဟု ကိုထူးခန့်ဇော်က ယ‌နေ့ နေ့လယ်တွင် ပြောသည်။

တန့်ဆည်မြို့ပေါ်ရှိ  ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားနိုဝင်ဘာ ၂၂ ရက်နေ့  နံနက်တွင်  ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်း ရေဦးမြို့နှင့် တန့်ဆည်မြို့သည် နယ်ချင်းထိစပ်နေပြီး ယခုစစ်ကောင်စီစစ်ကြောင်းသည် တန့်ဆည်မြို့ဘက်သို့ဦးတည်သွားနေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required