KNU ဥက္ကဌ သွေးတိုးပြီး သတိလစ်သွား၍ ဆေးကုသမှုခံယူနေ၊ စိုးရိမ်စရာမရှိတော့ဟုဆို

By YT  ( မဇ္ဈိမ)
19 April 2023
KNU ဥက္ကဌ သွေးတိုးပြီး သတိလစ်သွား၍ ဆေးကုသမှုခံယူနေ၊ စိုးရိမ်စရာမရှိတော့ဟုဆို

ကရင်အမျိုးသားအစည်းအရုံး( KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ယမန်နေ့ညက သွေးတိုးပြီး သတိလစ်သွားသဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

စောမူတူးစေးဖိုးသည် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ရာသီဥတုအပူရှိန်ပြင်းလွန်း၍ သွေးတိုးပြီး အော့အန်ကာ သတိလစ်သွားခဲ့သည်ဟုKNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ကြောင့် မဲဆောက်မြို့ရှိ Maesotram Hospital သို့ ပို့ဆောင်ကုသခဲ့ရပြီး ယနေ့ဧပြီလ၁၉ရက်တွင် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီဟု ၎င်းက ဆိုသည်။ စိုးရိမ်စရာမရှိတော့သော်လည်း  ဆက်လက်စောင့်ကြည့်ရန်အတွက်  ဆေးရုံတွင် ထားရှိဦးမည်ဖြစ်ကြောင်း သိရသည်။ 

" သူ​နေ​ကောင်းပါပြီ။ ​ဆေးရုံမှာပဲ ထားထားတယ်။ မဆင်းရ​သေးဘူး" ဟု အထက်ပါ KNU သတင်းရင်းမြစ်က  မဇ္ဈိမကိုပြောသည်။ 

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး​သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် အသက် (၉၀) ပြည့်ခဲ့သည်။ ၎င်း၏ လတ်တလောကျန်းမာရေးအခြေအနေကို အသေးစိတ်မေးမြန်းရန်  ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံသို့ ယနေ့ ဧပြီလ ၁၉ရက် နေ့လည် ၁၂နာရီ ၁၅ မိနစ်ခန့်တွင် မဇ္ဈိမမှ ဖုန်းဖြင့် သုံးကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required