ရင်ကြားစေ့သော ဒီမိုကရေစီ လူထုသမ္မတ

ရင်ကြားစေ့သော ဒီမိုကရေစီ လူထုသမ္မတ
 (ဓာတ်ပုံ-အီးပီအေ)

မတ် ၁၀ က ကျင်းပခဲ့သော အင်န်အယ်လ်ဒီလွှတ်တော်များ၏ သမ္မတရွေးချယ်မှု စတင်လိုက်သည်နှင့် ပြည်သူများသည် အနာဂတ်မြန်မာ၏ သမ္မတသစ်ကို ရာခိုင်နှုန်းပြည့်နီးပါး မှန်းဆနိုင်ခဲ့ပြီဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံံကြည်ကိုးစားခြင်း အခံရဆုံးသူနှင့် အရည်အချင်းရှိသူ ဦးထင်ကျော်သည် သမ္မတသစ်ဖြစ်လာမည်ဖြစ်သည်။

ဦးထင်ကျော်ကို အင်န်အယ်လ်ဒီလွှမ်းမိုးသော ပြည်သူ့လွှတ်တော်၏ အင်န်အယ်လ်ဒီအမတ်များက ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြသည်။ လွှတ်တော်တွင်း အင်န်အယ်လ်ဒီအင်အား၏ ဆယ်ပုံတပုံခန့်သာရှိသော ပြည်ခိုင်ဖြိုးကလည်း လက်ရှိဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို ဒုတိယသမ္မတလောင်းအဖြစ် အပြိုင်တင်လာခဲ့သည်။

ဒီမိုကရေစီထုံးနည်းနာများအရ ဒုတိယသမ္မတများ အပြိုင်းအရိုင်း တင်သွင်းနေကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသော်လည်း အဖြေမှာထွက်ပြီးဖြစ်သည်။ ဤတွင် မတ် ၁၀ မတိုင်ခင် အခြေအနေများကို စောကြောရန် လိုအပ်လာသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်လ်ဒီအောင်ပွဲကို လူထုအောင်ပွဲဟု ခေါ်ဆိုခဲ့သည်။

ပြည်သူများက အင်န်အယ်လ်ဒီကို အပြတ်အသတ် ထောက်ခံမဲပေးခဲ့ခြင်းမှာ လူထုခေါင်းဆောင်လက်သို့ တိုင်းပြည်ကို ဝကွက်အပ်ချင်သောကြောင့်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်ကာလတွင် စစ်အာဏာရှင်များသည် တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းတွင်းသို့ ရောက်အောင် တွန်းပို့ခဲ့ကြသည်။

စစ်အာဏာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်၏ မြေယာများ၊ သယံံဇာတများ၊ သစ်တောများ၊ ပြည်သူပိုင်ပစ္စည်းများကို တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးအတွက် ထင်သလိုရယူ၊ သုံံးစွဲ၊ ရောင်းချခဲ့သဖြင့် ပြည်သူများမှာ ဆင်းရဲသထက်ဆင်းရဲကာ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် သူဌေးသူကြွယ် စီးပွားလုပ်ငန်းရှင် ခရိုနီများနှင့် အိမ်နီးချင်းတိုင်းပြည်သာ များစွာ အကျိုးဖြစ်ထွန်းခဲ့ကြသည်။

စစ်အာဏာရှင်များ၏ စနက်ကြောင့် တိုင်းပြည်မှာ တစထက်တစ ဆုတ်ယုတ်ကျဆင်း၊ ဖြူပြာကျခဲ့သော်လည်း တိုင်းပြည်ကို ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်ထက်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အစွမ်းအစရှိသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်၏အထွတ်အထိပ်ရာထူးဖြစ်သော သမ္မတမဖြစ်စေရန် စနစ်တကျ စီမံခဲ့ကြသည်။

ပြည်သူများ မလိုလား၊ လက်မခံဘဲ စစ်အာဏာရှင်များ အလိုကျ၊ အချိန်ယူ ရေးဆွဲ ပြဋ္ဌာန်း အတည်ပြုထားသော နာဂစ်ဖွဲ့စည်းပုံဟု နာမည်ကျော်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေရန် စနစ်တကျ စီမံခဲ့ကြခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတမဖြစ်လျှင် သမ္မတအထက်က နေမည်ဟု ဆိုခဲ့ဖူးသည်။ ယခုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်စား ဦးထင်ကျော်ကို သမ္မတအဖြစ် တွန်းတင်လာခြင်းဖြစ်သည်။ ဤသည်ကို ပြည်သူများက လက်ခံကြပါရန်ကိုလည်း မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သေးသည်။

အင်န်အယ်လ်ဒီသည် အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်မည်၊ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့် အစိုးရသစ်တရပ်ဖွဲ့စည်းမည်ဟု ဆိုခဲ့သည့်အတိုင်းပင် စစ်အာဏာရှင်တို့၏ စိတ်ကူးကြံစည် စီမံတွက်ချက်ထားမှုနှင့်အညီ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် မဆောင်ရွက်ပါ။ ၎င်းအပြင် တိုင်းပြည်၏အရေးပါသော စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးကိုင်နေရာများကို အင်န်အယ်လ်ဒီတိုင်းရင်းသားဖြစ်စေ၊ အင်န်အယ်လ်ဒီမဟုတ်သည့် တိုင်းရင်းသားကိုဖြစ်စေ လွှဲအပ်တာဝန်ပေးခဲ့သည်။

အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုခဲ့ပါရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီး ကတိစကားများအတိုင်း ဒီမိုကရေစီစံနှုန်းများကို လေးစားလိုက်နာခဲ့သည်။ မဲဆန္ဒရှင်ပြည်သူအများစုကိုလည်း ထိန်းထိန်းသိမ်းသိမ်း အောင်ပွဲခံကြပါရန် ပန်ကြားခဲ့ပြီး အားနည်းသူနှင့် ရှုံံးနိမ့်သူများကို လေးစားမှုနှင့် တန်းတူအခွင့်အရေးကို ပြဆိုခဲ့သည်။ အမျိုးသားရင်ကြားစေ့ရေးတွင်လည်း စစ်တပ်၊ တိုင်းရင်းသား၊ တတ်သိကျွမ်းကျင်သူနှင့် အရည်အချင်းရှိသူများကို နေရာပေးခဲ့သည်။ အဆုံးတွင် လူထုခေါင်းဆောင်က လူထုသမ္မတဖြစ်လာနိုင်မည့်သူကို သူကိုယ်တိုင်ရွေးချယ်ခဲ့ပြီး၊ အင်န်အယ်လ်ဒီလွှတ်တော်မှတဆင့် အတည်ပြု တင်မြှောက်ရန် ပြင်ဆင်လာသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ အင်န်အယ်လ်ဒီ၏ မျက်မှောက်နိုင်ငံရေးစိန်ခေါ်မှုများကို တဆင့်ချင်း၊ တလှမ်းချင်း၊ တကွက်ချင်း တဖြည်းဖြည်း အကွက်ချ၊ ခြေလှမ်းပြင်ဆင်နေသည်မှာ ဒီမိုကရေစီရေးလည်းပါ၊ အမျိုးသားရင်ကြားစေ့ရေးကိုလည်း ရှေးရှုပုံရပြီး တိုင်းပြည်နှင့်လူထုကို မျက်နှာမူမည့် အရည်အချင်းရှိ လူထုသမ္မတတဦး ပေါ်ထွက်လာရန်အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဘုရားလောင်း သုဝဏ္ဏသာမဇာတ်တော်လာ သားရွှေအိုးထမ်းကိန်းကို စောင့်မျှော်မိပါကြောင်းနှင့် မြန်မာပြည်သူများ ရထိုက်သော ရပိုင်ခွင့်များ၊ နိုင်ငံသားတဦးချင်း၏ အခွင့်အရေးများကိုလည်း မြန်မကြာ ရကြပါစေကြောင်း ဆန္ဒပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required