ပါကစ္စတန်တွင် ဒေါ်လာပြတ်လပ်မှုကြောင့် ပြည်ပနိုင်ငံများရှိ သံရုံးများ၌ ဘဏ္ဍာရေး အခက်အခဲများနှင့် ကြုံတွေ့နေရ

ပါကစ္စတန်တွင် ဒေါ်လာပြတ်လပ်မှုကြောင့် ပြည်ပနိုင်ငံများရှိ သံရုံးများ၌ ဘဏ္ဍာရေး အခက်အခဲများနှင့် ကြုံတွေ့နေရ

ဘဏ္ဍာရေးအကျပ်ရိုက်နေသော ပါကစ္စတန်နိုင်ငံအတွက် အကျပ်အတည်းဒုက္ခများက တစ်ခုပြီးတစ်ခု ဆိုသလို ထပ်တိုးလာနေစဉ် ယခုအခါ ဒေါ်လာငွေ ရှားပါးပြတ်လပ်မှုကြောင့် ပြည်ပနိုင်ငံများရှိ ပါကစ္စတန်သံရုံးများတွင် ဘဏ္ဍာရေးအခက်အခဲများနှင့်အတူ အကူအညီ လိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ပြည်ပရှိ ပါကစ္စတန်သံရုံးများသည် လက်ရှိအချိန်တွင် ဘဏ္ဍာ‌ငွေ မလုံလောက်မှုနှင့်အတူ ဝန်ထမ်းလစာများကို လများနှင့်ချီ မပေးနိုင်ဘဲ ဖြစ်နေသည်။

ဥရောပနိုင်ငံများရှိ ပါကစ္စတန်သံရုံးများသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ စာရေးသား အကြောင်းကြားပြီး ပြီးခဲ့သည့် ၂ လ အတွက် ပေးချေနိုင်ခြင်း မရှိသေးသော ဝန်ထမ်းလစာများကို ထုတ်ပေးရန် တောင်းဆိုထားသည်။

နိုင်ငံခြား အရန်သုံးငွေကြေးများ တစ်စတစ်စ လျော့ပါးလာခြင်းနှင့်အတူ ပါကစ္စတန်၏ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်နိုင်ခြေ အလားအလာက ပိုမိုဆိုးဝါးလာသည်။ ပါကစ္စတန်ဗဟိုဘဏ် (SBP) ၏ နိုင်ငံခြား အရန်ငွေကြေး ပမာဏသည် အမေရိကန်ဒေါ်လာ ၇၈၄ သန်း ထပ်မံလျော့ကျသွားပြီး ယခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်လာ ၆ ဒသမ ၇၁၅ ဘီလီယံကို ရောက်ရှိသွားကြောင်း ဗဟိုဘဏ်၏ ဒီဇင်ဘာ ၈ ရက် အချက်အလက်များက ပြသသည်။ ထိုပမာဏသည် ၂၀၁၉ ဇန်နဝါရီနောက်ပိုင်း SBP က ထိန်းသိမ်းထားသော နိုင်ငံခြားအရန်ငွေများ၏ အနိမ့်ဆုံး ပမာဏဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ငွေလွှဲစာတမ်းများ (LCs) များအပါအဝင် ငွေပေးချေမှုအားလုံးကို ရပ်ဆိုင်း ထားကြောင်း SBP က ပြောသည်။

ဥရောပသမဂ္ဂနှင့် ကမ္ဘာတစ်ဝန်းရှိ ပါကစ္စတန်သံရုံးများသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ စာရေးသား အကြောင်းကြားပြီး ဝန်ထမ်းလစာများနှင့် ထောက်ပံ့ကြေးစရိတ်များကို အမြန်ဆုံးထုတ်ပေးရေး ပန်ကြားထား ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးရုံးမှ သတင်းရင်းမြစ်တစ်ဦးက CNN News18 ကို ပြောသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေါ်လာ ၅ သန်းခန့်ရှိ ငွေပမာဏများကို ထုတ်ပေးရဦးမည် ဖြစ်ပြီး ယခုကဲ့သို့ ထုတ်ပေးနိုင်မှု မရှိသေးခြင်းက နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုမန်၊ ဩစတြီးယား နှင့် ဘယ်လ်ဂျီယံရှိ သံရုံးများသည် ပြီးခဲ့သည့် ၂-၃ လကြာ လစာများ မရရှိဘဲ ဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်က ထုတ်ဖော်သည်။

အီရန်၊ တူရကီနှင့် အာဖဂန်နစ္စတန်ကဲ့သို့ မိတ်ဆွေနိုင်ငံများရှိ ပါကစ္စတန်သံရုံးများသည်လည်း လစာငွေများ အတွက် ဒေါ်လာရနိုင်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly