မြန်မာနိုင်ငံ အခြေအနေက “အလွန် ပူပန်စရာကောင်းနေ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံ အခြေအနေက “အလွန် ပူပန်စရာကောင်းနေ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
Photo - REUTERS

ဖေဖေါ်ဝါရီလ ၁၁ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုသည် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုတို့ကို ဆက်လက်ရှေ့တိုးလုပ်ဆောင်လျက် ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး အာရုံစိုက်လိမ့်မည်ဖြစ်ကြောင်း ဘလင်ကန်က ပြောသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက အင်မတန် စိုးရိမ်ပူပန်စရာ ဖြစ်နေတယ် ဆိုတာက ပေါ်လွင်ထင်ရှားနေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဘလင်ကန်က Quad အုပ်စု အစည်းအဝေးတစ်ခုအပြီး မဲလ်ဘုန်းမြို့၌ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

“အာဏာသိမ်းစစ်ကောင်စီဟာ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဆက်လက်လုပ်ဆောင်ထားခဲ့တယ်ဆိုတာကို ကျွန်တော်တို့ တွေ့မြင်ထားခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ယမန်နှစ်က မြန်မာစစ်ကောင်စီ သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ဝါရှင်တန်အနေဖြင့် ထောက်ခံကြောင်းနှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် လိုကြောင်း ဘလင်ကန်က ပြောသည်။

“မဝေးလှတဲ့ ရှေ့ကာလမှာ သမ္မတ ဘိုင်ဒင်ဟာ ဝါရှင်တန်မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါကျရင် ဒီကိစ္စဟာ အာရုံစိုက်သွားမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်” ဟု ဘလင်ကန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly