နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 

နှလုံး ဆိုတာ ကြွက်သား တစ်မျိုးလို့ ဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုသာမက ကြွက်သားတစ်မျိုးလည်းဖြစ်တယ်ပေါ့။
လူတိုင်းက နှလုံးရောဂါဖြစ်မှာကို မလိုလားကြပါဘူး။ ဒီရောဂါက ကမ္ဘာပေါ်မှာ လူအများဆုံးသေဆုံးစေတဲ့ရောဂါတွေထဲက တစ်ခုဖြစ်တယ်မဟုတ်လား။

နှလုံးရောဂါကိုတားဆီးနိုင်ဖို့ Heart Attack မဖြစ်စေဖို့ လူတိုင်းအလိုရှိကြပေမယ့် တကယ်တမ်းမှာတော့ ကာကွယ်တားဆီးမှုတွေကို စနစ်တကျလုပ်နိုင်ကြတာမျိုးကတော့ နည်းပါတယ်။

အများစုကတော့ အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံးရောဂါကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်ပြေနေတယ်တော့မဟုတ်ဘူးလေ။ အစားအသောက်ဆိုတာမျိုးက အမြဲတမ်း ရွေးချယ်မှီဝဲဖြစ်နေတာမှမဟုတ်တာ။

ဒါကြောင့် ခုစာစုမှာတော့ နှလုံးကြွက်သားကို အားကောင်းသန်မာစေပြီး နှလုံးရောဂါမဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ အလွယ်တကူလိုက်နာနိုင်ပြီး အကျိုးလည်းရှိတဲ့ နည်းလေးတွေပေါ့။

၁။ ကိုယ်လက်လှုပ်ရှား လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာ ပြေးတာမျိုးတွေ၊ နေ့စဉ်ပုံမှန်လုပ်ပေးတာက နှလုံးကို အကျိုးဖြစ်ထွန်းစေပါတယ်။ လေ့ကျင့်ခန်းဆိုရင်လည်း ယောဂ၊ အေရိုးဗစ်၊ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ သက်လုံအားကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြုလုပ်ပေးသင့်ပါတယ်။

၂။ ဆေးလိပ်ဆို ဝေးဝေးရှောင်ပါ

ကိုယ်က သောက်တတ်ရင် ဖြတ်လိုက်ပါ။ မသောက်တတ်ရင်တောင်မှ Second hand smoking၊ Third hand smoking တွေကိုလည်း ရှောင်ရပါမယ်။ ဆေးလိပ်မသောက်ပေမယ့် နှလုံးနဲ့ အဆုပ်ထိခိုက်ကြတာဟာ သူတပါးရဲ့ ဆေးလိပ်ငွေ့ကြောင့်ဖြစ်ပါတယ်။ လူတော်တော်များများက ကိုယ်တိုင်ဆေးလိပ်မသောက်ရင် အန္တရာယ်ကင်းပြီလို့ တွေးကြပါတယ်။ တကယ်ကတော့ ကိုယ့်နားမှာသူများသောက်တာမြင်ရင်လည်း ဆေးလိပ်ငွေ့ကို မရှုရှိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။

၃။ ကိုယ်အလေးချိန် ထိမ်းသိမ်းပါ

ကိုယ်က ဝနေရင် လျှော့ရပါမယ်။ အရမ်းပိန်နေရင်လည်း လိုအပ်သလောက် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေဖို့ လုပ်ရပါမယ်။ BMI အရ ကိုယ့်ကျန်းမာရေးကိ မထိုက်ခိုက်စေနိုင်လောက်တဲ့ ကိုယ်အလေးချိန်မျိုးမှာရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်။

၄။ အာဟာရမျှတစွာ မှီဝဲပါ

နှလုံးကို အားကောင်းစေတယ်၊ ကျန်းမာစေတယ်ဆိုတဲ့ အစာတွေချည်း လှိမ့်စားနေလို့မရပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာဖွံ့ဖြိုးစေမယ့် အစားအစာမျိုးတွေကို စနစ်တကျမှီဝဲပေးဖို့ လိုအပ်ပါတယ်။ အဆီတက်စေမယ့်အစာတွေ၊ အသင့်စားမုန့်တွေကို ရှောင်ကျဉ်ရုံနဲ့တင် နှလုံးကြွက်သားတွေ ကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေမှာပါ။

၅။ ချောကလက်စားပါ

ချောကလက်က နှလုံးကို ကျန်းမာစေပါတယ်။ အရသာလည်းကောင်းပြီး လူကြိုက်လည်းများတဲ့အစားအစာမို့ မကြာခဏမှီဝဲသင့်ပါတယ်။ ဝိုင်နဲ့တွဲဖက်မှီဝဲဖို့ လမ်းညွှန်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီနှစ်ခုကို တစ်ပြိုင်တည်းတွဲဖက်စားတာက ဓာတ်မတည့်သူ (အထူးသဖြင့် အမျိုးသမီးတွေအတွက်ဆိုရင်) အမျိုးသမီးအင်္ဂါမှာ မှိုစွဲတဲ့ဝေဒနာဖြစ်စေတတ်တာကိုပါ။ ဒါကြောင့် တစ်ခုစီမှီဝဲတာ ပိုကောင်းပါတယ်။

၆။ အလွန်အကျွံမစားပါနဲ့

အစာစားတာဟာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အဓိကရယူတဲ့ နည်းလမ်းပါ။ မှန်ကန်ပြီး မျှတသင့်လျော်စွာပဲ စားသောက်မှီဝဲသင့်ပါတယ်။ အလွန်အကျူးစားသောက်တာက ကိုယ်အလေးချိန်တိုးတာမျိုး၊ ကိုလက်စထရောများတာမျိုးတွေသာဖြစ်စေမှာမို့ နှလုံးကြွက်သားတွေကို ထိခိုက်စေပါလိမ့်မယ်။

၇။ စိတ်ဖိစီးစရာတွေကို မထားပါနဲ့

စိတ်ဖိစီးမှုဟာကြောင့် ခန္ဓာကိုယ်ထဲမှာ ဇီဝဓာတုပစ္စည်း ၁၄၀၀ လောက်ထွက်ရှိပါတယ်။ သွေးတိုးစေတာတွေနဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့ အရာတွေပါ ပါရှိနေတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံးအတွင်း သွေးစီးဆင်းမှုကို ထိခိုက်စေတာမို့ စိတ်ဖိစီးမှုကင်းစင်အောင် ဂရုတစိုက်နေထိုင်တာက နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒါကြောင့် ပျော်ပျော်နေဖို့ အကြံပေးပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly