အိုမင်းရင့်ရော်မှုက မျက်နှာ အသားအရေကို ဘယ်လိုသက်ရောက်သလဲ

အိုမင်းရင့်ရော်မှုက မျက်နှာ အသားအရေကို ဘယ်လိုသက်ရောက်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 

လူတစ်ယောက်ရဲ့ မျက်နှာ ပြင်ပေါ်က အသားအရေက အလှအပအတွက်ရော ကျန်းမာသန်စွမ်းမှုနဲ့ နုနယ်ပျိုမြစ်မှုကိုရော ဖော်ပြနိုင်ပါတယ်။ အိုမင်းရင့်ရော် လာတာနဲ့အမျှ အသားအရေလည်း ပျက်စီးလာတတ်တယ်မဟုတ်လား။

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ အသက် ၃၀ ခန့်မှာ အရေပြားဟာ စတင်ပျက်စီးပါတယ်။ အသားအရေရဲ့ သဘာဝစိုစွတ်မှုဟာ ကျဆင်းလာပါတယ်။ အသားအရေ ခြောက်သွေ့တာ၊ တင်းမာမှုလျော့နည်းတာနဲ့ အတွန့်အခေါက်စဖြစ်ပေါ်ပါပြီ။ အရေပြားရဲ့ အကာအကွယ်ပြုနိုင်တဲ့အလွှာဟာ အားနည်းလာပြီး ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုဟာ နှေးကွေးလာပါတော့တယ်။

ဒီတော့ တသက်တာလုံးလှပအောင်ပြင်ဆင်ချယ်သလာတဲ့ မျက်နှာလှလှလေးဟာလည်း ဇရာရဲ့ အရိပ်တွေထင်ဟပ်လာတော့တာပေါ့။

အသက်ကြီးလာရင် အသားအရေပြောင်းလဲမယ်

လူတိုင်းသိနားလည်ထားကြတဲ့အချက်က အသက်ကြီးလာရင် အသားအရေပြောင်းလဲလာမယ်ပေါ့။ ဒါပေမယ့် ဘာတွေပြောင်းလဲလာလဲဆိုရင်တော့ အတိအကျကြီး သိကြတာနည်းပါတယ်။

ပြောင်းလဲသွားတဲ့အချက်တွေကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ အိုမင်းရင့်ရော်လာတဲ့အခါ သဘာဝအတိုင်း အောက်ပါအချက်တွေ ပြောင်းလဲသွားပါတယ်။

  • အရေပြားကြမ်းတမ်းလာမယ်၊
  • အသားပိုတွေ ထွက်လာမယ်၊
  • ကျုံ့နိုင်ဆန့်နိုင်စေတဲ့ elastic tissue (elastin) တွေ ဆုံးရှုံးလာတာကြောင့် ရေပြားလျော့ရဲလာမယ်၊
  • အသားအရေပိုပြီး ကြည်လင်လာမယ်၊
  • ထိလွယ်ရှလွယ်ဖြစ်လာမယ်၊
  • ပွန်းပဲ့တာမျိုး ပိုဖြစ်လွယ်လာမယ်။ ဒီအချက်တွေက အရေပြားပေါ်မှာ ပြောင်းလဲသွားတဲ့အချက်တွေဖြစ်ပါတယ်။

အိုမင်းရင့်ရော်မှုကြောင့် အရေပြားရဲ့ အတွင်းဘက်မှာလည်း ပြောင်းလဲမှုတွေရှိလာပါတယ်။ ဒါတွေကတော့

  • ပါး၊ မေးစေ့၊ နှာခေါင်းနဲ့ မျက်လုံးပတ်ဝန်းကျင်က အရေပြားအောက်မှာ အဆီတွေ ဆုံးရှုံးလာတာကြောင့် အရေပြားလျော့တွဲကျလာမယ်၊
  • အရိုးဆုံးရှုံးမှုကြောင့် ပါးစပ်နဲ့ မေးစေ့ဝန်းကျင် အနေအထားပျက်ယွင်းလာမယ်၊
  • နှာခေါင်းအတွင်းပိုင်းက အရိုးနုဆုံးရှုံးမှုကြောင့် နှာခေါင်းအောက်ကို ပိုကျလာမယ်။

နေရောင်ခြည်နဲ့ အရေပြား

နေရောင်ခြည်ဟာ ခန္ဓာကိုယ်က ဗီတာမင် D ကိုစုပ်ယူနိုင်ဖို့အတွက် အထောက်အကူပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြီးရင့်လာချိန်မှာတော့ ဘေးထွက်ဆိုးကျိုးတချို့ကိုလည်းပေးပါတယ်။

ပြောရမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ အသားအရေပျက်စီးခြင်းရဲ့ အဓိကလက်သည် တရားခံထဲမှာ နေရောင်ခြည်ကလည်း တစ်ခုအပါအဝင်ပါပဲ။
နေရောင်အောက်မှာ အချိန်အတော်ကြာနေမိမယ်ဆိုရင် နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားထဲက elastic လို့ခေါ်တဲ့ ဖိုက်ဘာဓာတ်တွေကို ပျက်စီးစေမှာဖြစ်ပါတယ်။ elastic tissue (elastin) တွေ ဆုံးရှုံးလာတာဟာ ရေပြားလျော့ရဲလာတာနဲ့ ထိခိုက်ဒါဏ်ရာရလွယ်လာတာတွေရဲ့ အဓိကအကြောင်းအရင်းပါ။

ဒါကြောင့် ကျန်းမာရေးအတွက် နေရောင်ခြည်ကို လုံလောက်စွာခံယူဖို့လိုအပ်ပေမယ့် ကြာကြာအပြင်သွားမယ်ဆိုရင် အကာအကွယ်နဲ့ နေရာမျက်မှန်လိုအရာတွေ ဆောင်ယူသွားသင့်ပါတယ်။

တခြားသောပြောင်းလဲမှုများ

အိုမင်းရင့်ရော်မှုကြောင့် အရေပြားပြောင်းလဲလာရာမှာ တခြားသောပြောင်းလဲမှုတွေလည်း အများကြီးပြောင်းသွားနိုင်ပါတယ်။ အရေပြားပြောင်းလဲလာတဲ့အခါမှာ လှုပ်ရှားမှုအားနည်းလာတာ၊ မျက်နှာအနေအထားပြောင်းလာတာနဲ့ အိပ်စက်မှုပုံစံတွေလဲပြောင်းလဲလာမှာပါ။

နောက်ပြီး

  • မေးနှစ်ထပ်ဖြစ်လာမယ်၊
  • မျက်ကွင်းတွေ၊ မျက်ရစ်တွေကျလာမယ်၊
  • နားရွက်လည်းပိုရှည်လာသလိုမျိုး တွဲကျလာတာမျိုးတွေဖြစ်လာမယ်၊
  • အသားအရေ ကြမ်းသထက် ကြမ်းလာမယ်၊
  • အပြေားပေါ်မှာ အကွက်တွေ၊ အမည်းစက်တွေ ထလာမယ်၊
  • အနာဖြစ်သောအခါ ပြန်ကျက်ဖို့ခက်ခဲပြီး ရောဂါပိုးဝင်နိုင်ခြေများလာမယ်၊
  • အရေပြားရဲ့ ပုံမှန်လုပ်ငန်းစဉ်ဖြစ်တဲ့ အဆီဓါတ် ထုတ်လုပ်နိုင်စွမ်းလျော့နည်းလာမယ်၊ စတာတွေပါပဲ။

အချိန်ကြာလာတာနဲ့အမျှ အသားအရေများဟာ အိုမင်းရင့်ရော်တဲ့ အသွင်အပြင်တွေကို တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ ဒီသဘောတရားနဲ့ အသားအရေအကြောင်းကို နားလည်ထားရင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့နဲ့ နှေးကွေးစေဖို့ နည်းလမ်းရှာနိုင်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly