COVID-19 နဲ့ လိင်မှုဘဝ ဆောင်ရန်၊ ရှောင်ရန်များ

COVID-19 နဲ့ လိင်မှုဘဝ ဆောင်ရန်၊ ရှောင်ရန်များ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အခုဆိုရင် COVID-19 နဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေမျိုး ရောက်နေပြီလဲဆိုတာ တော်တော်များများ နားလည်ထားကြမှာပါ။ ကူးစက်ခံရသူ အရေအတွက်ဟာလည်း များသထက် များလာပြီ ဖြစ်တာကြောင့် အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းကရော ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) ကို ကမ္ဘာ့ ကပ်ရောဂါ အခြေအနေ အဖြစ် သတ်မှတ်လိုက်ပါပြီ။
ဒီတော့ ကူးစက်ခံရခြင်း မရှိစေဖို့ ဘာတွေ အဓိက လုပ်ရမလဲ။

အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတချို့လိုမျိုး ကူးစက်ခံရသူ၊ သေဆုံးသူ အရမ်းများလွန်းတဲ့ အခြေအနေထိ မရောက်သေးတဲ့အတွက် ဒီအတိုင်းပဲ ဆက်ပြီး ထိန်းထားနိုင်ဖို့ မိဘပြည်သူအားလုံး တစ်တပ်တအားနဲ့ ဝိုင်းဝန်းပူးပေါင်းပေးကြဖို့ အရမ်း အရေးကြီးပါတယ်။

အဓိက လိုက်နာဖို့ လိုအပ်တဲ့ အချက်တွေကတော့

• မလိုအပ်ဘဲ အပြင်ကို လုံးဝမထွက်ပါနဲ့
• ဘာပဲကိုင်ပြီးပြီး လက်ကို ရေ၊ ဆပ်ပြာနဲ့ ဆေးပါ
• အပြင်သွားတော့မယ်ဆိုရင် ရေမလို လက်သန့်စင်ဆေးရည် ဆောင်သွားပါ
• လူအရမ်း များလွန်းတဲ့ နေရာကို မသွားပါနဲ့
• မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် Mask တပ်သွားပါ
• လူတွေနဲ့ အရမ်း နီးကပ်ပြီး မနေပါနဲ့၊ အနည်းဆုံး ၆ပေ အကွာမှာပဲ နေပါ
• လုပ်စရာရှိတာ အားလုံး ပြီးရင် အိမ်ပြန်ပါ
• လိင်အပျော်အပါး လိုက်စားတာတွေ ရှောင်ပါ
COVID-19 နဲ့ လိင်မှုဘဝ ဘယ်လို ဆက်စပ်နေလဲ။

ကိုယ်ကတော့ တစ်အိမ်ထဲမှာ အတူပေါင်းသင်းနေထိုင်တဲ့ လင်မယား၊ သို့မဟုတ် ချစ်သူတွေ ဆိုရင် သိပ်ပြီး ပြဿနာမရှိပါဘူး။ ဒါတောင်မှ နှစ်ယောက်လုံး အပြင်သွားတာမျိုး၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံထားခြင်း မရှိဖို့ အရမ်း အရေးကြီးပါတယ်။ အဓိက COVID-19 ဟာ နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အပြုအမူ များတဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကို တခြားသူ သို့မဟုတ် ကိုယ်တိုင်ရဲ့ ပါးစပ်ထဲ ထည့်မိတတ်ခြင်း၊ မတော်တဆ ချောင်းဆိုးမိတဲ့အခါ မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေခြင်း စတဲ့ ပုံစံတွေနဲ့ ကူးစက်နိုင်ပါတယ်။
ဒီအတွက် အဓိက ဆင်ခြင်ဖို့ လိုအပ်တာတွေကတော့

• ဒီရက်ပိုင်းမှာ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတွေနဲ့ သွားလာတာ၊ ဒိတ်တာ၊ လိင်ဆက်ဆံဖို့ တွေ့ဆုံတာမျိုး မလုပ်ပါနဲ့။

• တွေ့ဖြစ်ခဲ့ရင်လည်း နှစ်ဦးထက် ပိုတဲ့ လူအုပ်စုလိုက်ကြီး အခန်းထဲမှာ အတူအောင်းနေတာမျိုး၊ လိင်ဆက်ဆံတာမျိုး လုံးဝ မလုပ်ပါနဲ့။

• ကိုယ်နဲ့ ဆက်ဆံခဲ့တဲ့သူမှာ ကိုရိုနာ အဆုတ်ရောင် ရောဂါပိုး တွေ့တယ်လို့ သတင်းရရှိရင်၊ သို့မဟုတ် သံသယရှိရင် မိမိကိုယ်ကို Self-Quarantine (ကိုယ့်ဆီမှ ရောဂါကို တခြားသူထံ မပြန့်စေရန် ထိန်းချုပ်ခြင်း၊ ကိုယ့်ရဲ့ နေအိမ်၊ အိပ်ခန်းမှ လွဲ၍ တခြားနေရာသို့ သွားလာခြင်း မပြုခြင်း၊ ကိုယ့်မိသားစုနဲ့ ထိတွေ့ဆက်ဆံတာမျိုး မလုပ်ခြင်း) ဖြင့် အခြေအနေကို စောင့်ကြည့်ပါ။ ချောင်းဆိုးတာ၊ ဖျားနာတာ၊ အသက်ရှူရခက်တာ စတဲ့ လက္ခဏာတွေကို ၁၄ ရက်အတွင်းမှာ တွေ့ရပြီဆိုရင်တော့ ပုဂ္ဂလိက ဆေးရုံတွေမှာ သွားရောက်ပြသကြည့်ပါ။

• လိင်အပျော်အပါး လိုက်စားတော့မယ် ဆိုရင်လည်း ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပါ။ COVID-19 က အချိန်တန်ရင် ကုသနိုင်မယ့် ဆေးပေါ်ပြီး သူ့ဘာသာ ပျောက်သွားမှာပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ STD တွေ ဝင်ကုန်တော့မှ တစ်ဘဝလုံး လူဖြစ်ရှုံးရမှာပါ။

• တစ်အိမ်ထဲ အတူနေတာ မဟုတ်တဲ့ ချစ်သူစုံတွဲတွေလည်း လွမ်းရင် ပြေးမတွေ့ပါနဲ့။ ဖုန်းဆက်တာ၊ အင်တာနက်ပေါ်ကနေ စာပို့တာမျိုးလောက်ပဲ လုပ်ပါ။

• မနမ်းပါနဲ့။ COVID-19 သည် ကူးစက်ခံရရင်တောင် လက္ခဏာက ကိုယ်ခန္ဓာထဲမှာ အနည်းဆုံး ၂ရက်လောက် အောင်းနေတတ်တဲ့အတွက် ကိုယ်နဲ့ ဆက်ဆံနေတဲ့ သူမှာ ရောဂါပိုးမရှိဘူးလို့ တပ်အပ်ပြောလို့ လုံးဝမရပါဘူး။

• လိင်ဆက်ဆံခြင်း မပြုခင်မှာ လက်ကို ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ ပြီးတာနဲ့ ကုတင်ပေါ်မှာပဲ ကိစ္စပြီးမြောက်တဲ့အထိ နေပါ။ တခြား အသုံးအဆောင်ပစ္စည်းတွေ ကိုင်တာမျိုး လုံးဝမလုပ်ပါနဲ့။

• အကောင်းဆုံးကတော့ လိင်ဆက်ဆံမယ်ဆိုရင် Mask ကိုတပ်ပါ။ ကွန်ဒုံးလည်း သုံးပါ။ အထူးသဖြင့် ထိုးသွင်းဆက်ဆံခံရသူက ပက်လက်အနေအထား၊ ဆက်ဆံဖော်နဲ့ မျက်နှာချင်းဆိုင် အနေအထားမျိုးမှာ ဆိုရင် ပိုပြီးတောင် Mask တပ်ထားသင့်ပါတယ်။

ဒီတော့ အကောင်းဆုံး အကြံပေးချင်တာကတော့ ဒီရက်ပိုင်းမှာ လိင်ဆက်ဆံဖို့ ရည်ရွယ်ချက်နဲ့ မသိသူတွေနဲ့ ဖြစ်စေ၊ ကိုယ့်ချစ်သူနဲ့ ဖြစ်စေ အပြင်ထွက်ပြီး လိင်ဆက်ဆံခြင်း မပြုပါနဲ့။ ကိုယ့်အိမ်ကိုလည်း မခေါ်လာပါနဲ့။ စိတ်ပါလာရင် ကိုယ့်လက်နဲ့ပဲ အာသာဖြေပါ။ အားကုန်တယ်၊ ပင်ပန်းတယ်ဆိုပေမယ့် မလိုလားအပ်တဲ့ ရောဂါမရသလို ကိုယ့်အတွက်လည်း ဘေးဥပါဒ် မဖြစ်စေပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly