ဆေးမြင်းခွာ ဘာကြောင့်စားသင့်သလဲ

ဆေးမြင်းခွာ ဘာကြောင့်စားသင့်သလဲ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

အိမ်မှာဆို ပန်းအိုးထဲထည့်စိုက်ထားလို့ရတယ်၊ ဘယ်နားစိုက်စိုက် အလွယ်တကူပေါက်နိုင်တဲ့ ဆေးမြင်းခွာလေးတွေက ဘယ်လိုတွေဆေးဖက်ဝင်လဲဆိုတာ သိပြီးပြီလား။ သုပ်စားလို့ရတယ်၊ တို့စရာအဖြစ်လည်းစားကြတဲ့ မြင်းခွာသေးသေးလေးတွေပါ။ ရိုးရိုးမြင်းခွာလို ဟင်းချိုချက်တာမျိုး လုပ်မစားကြဘဲ အစိမ်းပဲစားတာများပါတယ်။ သူ့ရဲ့ဆေးစွမ်းကတော့ –
ဆံပင်ကျွတ်သက်သာတယ်

ဆေးမြင်းခွာက ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းခံတွေဖြစ်တဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်၊ free radicals တွေရန်က ကာကွယ်ပေးတယ်။
အနာကျက်မြန်စေတယ်

ဆေးမြင်းခွာမှာပါတဲ့ Saponins နဲ့ တခြားအော်ဂင်းနစ်ဒြပ်ပေါင်းတွေကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကိုမြန်အောင် နှိုးဆွပေးပါတယ်။ ဆဲလ်တွေဆီကို သွေးပို့လွှတ်မှုကိုအားပေးပြီး ရောဂါပိုးတွေရန်ကကာကွယ်ပေးတာကြောင့် အနာကျက်မြန်စေတာဖြစ်ပါတယ်။
အသားလှစေတယ်

ဆေးမြင်းခွာမှာ အသားအရေကိုကျန်းမာလှပစေနိုုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ saponins တွေ ကြွယ်ဝပါတယ်။ အထူးသဖြင့် အမာရွတ်တစ်ရှူးတွေကိုဟန့်တားပေးလို့ ခွဲစိတ်မှုအမာရွတ်တွေကိုတောင် ပျောက်ကင်းသက်သာစေတဲ့အထိ အသားအရေကိုအကျိုးပြုပါတယ်။ အရေးအကြောင်းတွေနဲ့ရင့်ရော်မှုလက္ခဏာတွေကိုလည်း လျော့ပါးစေတယ်လို့ဆိုပါတယ်။
သွေးလည်ပတ်မှုကောင်းစေတယ်

ဆေးမြင်းခွာက သွေးလည်ပတ်မှုစနစ်မှာ အရေးပါတဲ့နေရာနှစ်ခုကနေ ပါဝင်နေပါတယ်။ တစ်ခုက သွေးကြောနဲ့ဆံချည်မျှင်သွေးကြောနံရံတွေကို ကျန်းမာစေပြီး သွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒုတိယတစ်ခုက သွေးလည်ပတ်မှုကိုနှိုးဆွပေးလို့ ခန္ဓာကိုယ်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပို့ပေးနိုင်စွမ်းကောင်းစေပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှုမကောင်းတဲ့အခါဖြစ်လာနိုင်တဲ့ ခြေထောက်ဖောရောင်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စတဲေ့ဝဒနာတွေကို လျော့ပါးသက်သာစေနိုင်တယ်။
အစာအိမ်အနာကို သက်သာစေတယ်

ဆေးမြင်းခွာမှာပါတဲ့ Asiaticoside က အစာအိမ်အနာအတွက် ဆေးတစ်လက်လို အာနိသင်ရှိပါတယ်။ သူက ဆဲလ်တွေကို ကုသပေးနိုင်စွမ်းရှိပြီး အနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
ပူပန်သောကနဲ့ စိတ်ကျဝေဒနာ

ဆေးမြင်းခွာအပါအဝင် မြင်းခွာရွက်တွေမှာ စိတ်ဖိစီးမှုဟော်မုန်း cortisol ကို လျော့စေပြီး  စိတ်ခံစားချက်နဲ့ပျော်ရွှင်မှုတို့အတွက်အရေးပါတဲ့ serotonin နဲ့ dopamine ဟော်မုန်းတွေကိုမြင့်တက်စေပါတယ်။ စိတ်သောကနဲ့ ဖိစီးမှုတွေ၊ စိတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။
ဦးနှောက်စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးတယ်

ဆေးမြင်းခွာက သွေးလည်ပတ်မှုကိုကောင်းစေတော့ ဦးနှောက်ကိုအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းပြီး လုပ်ဆောင်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ သူ့ရဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အာရုံကြောကိုလည်း လှုံ့ဆော်ပေးပြီး ဦးနှောက်ကို free radicals တွေရန်က ကာကွယ်ပေးပါတယ်။
မှတ်ဉာဏ်ကောင်းစေတယ်

သူ့ရဲ့အာနိသင်တွေထဲမှာ မှတ်ဉာဏ်ကောင်းစေတဲ့အစွမ်းလည်းပါပါတယ်။ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့အပြင် အယ်ဇိုင်းမားရောဂါ၊ စိတ်ရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကို လျော့ပါးသက်သာစေပါတယ်။
ခန္ဓာကိုယ်ကိုအဆိပ်အတောက်သန့်စင်ပေးတယ်

ဆီးရွှင်စေတဲ့ အာနိသင်နည်းနည်းပါတဲ့ ဆေးမြင်းခွာက အဆိပ်အတောက်ဓာတ်တွေ၊ အငန်တွေ၊ ရေနဲ့ အဆီဓာတ်တွေကိုပါ ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်သန့်စင်ပေးပါတယ်။ ဒီလိုနည်းနဲ့ ကျောက်ကပ်ကို ဖိစီးမှုလျော့ပါးစေပြီး အရည်ဓာတ်တွေကို ထိန်းညှိပေးပါတယ်။
သွေးဖိအားကို ထိန်းပေးတယ်

ဆေးမြင်းခွာက သွေးဖိအားကိုထိန်းညှိပေးပြီး နှလုံးသွေးကြောစနစ်အပေါ် ထိခိုက်မှုလျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးကိုအကာအကွယ်ပေးပြီး နှလုံးသွေးကြောရောဂါ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
သတိထားရမယ့်အချက်ကတော့ —

ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေ၊ အသည်းရောဂါရှိသူတွေအနေနဲ့တော့ ဆေးမြင်းခွာကို သိပ်မစားသင့်ပါဘူးလို့ ဆေးပညာအကြံပြုချက်တွေက ဖော်ပြထားပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly