နှမ်းနက်စေ့ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

နှမ်းနက်စေ့ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ပေါင်မုန့်တွေမှာ နှမ်းကပ်ထားတာ၊ ဂျပန်အစားအစာ ဆူရှီတွေမှာ ပါတတ်တာ နှမ်းနက်လေးတွေ တွေ့နေကျပါ။ မြန်မာမုန့်မှာလည်း နှမ်းနက်ယိုဆို လူကြိုက်များတယ်၊ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်။ နှမ်းနက်မှှာ ဆေးဖက်ဝင်အာနိသင်တွေရှိနေတာတော့ အမှန်ပါပဲ။ သူက ဘာတွေအတွက်ကောင်းလဲဆိုတော့ –
(၁) ကိုလက်စထရောကို ကျစေတယ်

နှမ်းနက်စေ့မှာပါတဲ့ အမျှင်ဓာတ်က lignans ဆိုတဲ့အမျိုုးအစားပါ။ ဒီအမျှင်ဓာတ်အုပ်စုက သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ နှမ်းနက်စေ့မှာ phytosterols ဆိုတဲ့ ကိုလက်စထရောကျစေတဲ့ အပင်ထွက် ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။
(၂) ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ်

lignans နဲ့ phytosterols တို့ဟာ ကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့နေရာမှာလည်း အာနိသင်တူပါတယ်။ ဒါ့အပြင် နှမ်းနက်မှာပါတဲ့ sesamin ဒြပ်ပေါင်းကြောင့် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး အသည်းရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေတာကြောင့် ကိုယ်တွင်းသန့်စင်စေတဲ့ အကျိုးကျေးဇူးရှိပါတယ်။
(၃) အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ သက်သာစေတယ်

နှမ်းနက်စေ့ရဲ့အဆီက ဝမ်းချုပ်ခြင်းကိုသက်သာစေတယ်။ အမျှင်ဓာတ်ကြောင့် ဝမ်းမှန်စေတယ်။ နှမ်းနက်စေ့က အစာမကြေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
(၄) ဆံပင်ကို နက်မှောင်စေတယ်

နှမ်းနက်မှာပါတဲ့ အာဟာရဓာတ်တချိျု့က ခန္ဓာကိုယ်တွင်း melanin ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုုင်ပါတယ်။ melanin ဆိုတာ သဘာဝဆံပင်အရောင်ထိန်းသိမ်းမှုမှာ လုပ်ဆောင်ချက်ပါဝင်တဲ့ရောင်ခြယ်ဖြစ်ပါတယ်။ ဆံပင်ပိုနက်စေပြီး အရွယ်တင်စေပါလိမ့်မယ်။
(၅) ဗီတာမင် ဘီ တွေအစုံပါတယ်

နှမ်းနက်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ thiamine ၊ niacin နဲ့ ဗီတာမင် B6 တို့ပါဝင်လို့ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်နဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေအတွက် အကျိုးကျေးဇူးများပါတယ်။
(၆) ကိုယ်ခံအားကို ထောက်ပံ့ပေးတယ်

နှမ်းနက်စေ့က  ဇင့်၊ ဆယ်လီနီယမ်၊ ကော့ပါး၊ သံဓာတ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် E တို့အပါအဝင် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
(၇) သွေးဖိအားကို ထိန်းတယ်

နှမ်းနက်စေ့မှာ မဂ္ဂနီဆီယမ်ကြွယ်ဝလို့ သွေးဖိအားကိုကျစေနိုင်ပါတယ်။ ဒါ့အပြင် lignans ၊ ဗီတာမင် E နဲ့ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်း သွေးကြောတွင်း အဆီချေးတွေကပ်ငြိမှုကိုကာကွယ်ပေးပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly