မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မိသားစုဆိုတာက ကောင်းတူဆိုးဖက် အမြဲအတူရှိကြသူတွေပါ။ ကမ္ဘာပေါ်က အရင်းနှီးဆုံး အပွင့်လင်းဆုံးသူတွေပေါ့။  မိသားစုနဲ့အတူနေခွင့်ရတာ၊ ရင်ဖွင့်ပြောဆိုပြီး ခံစားချက်တွေမျှဝေခွင့်ရတာက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးဆုလာဘ်လို့ တင်စားပါရစေ။ မနက်တိုင်း မေမေပြင်ပေးတဲ့ မနက်စာ၊ မေမေကိုယ်တိုင်ချက်ပြုတ်ကျွေးတာတွေကို စားခွင့်ရနေတာကိုက ကံကောင်းခြင်းတွေအများကြီးရနေပြီသားပါနော်။ ဒီလိုကံကောင်းခြင်းတွေကမှ ကိုယ့်အတွက် ကျန်းမာရေးအကျိုးကျေးဇူတွေ  ပါရနေသေးတယ်ဆိုရင်တော့ ဘာပြောမလဲ Hello ဆရာဝန်ပရိသတ်ကြီးရေ……………….
မိသားစုလက်ဆုံထမင်းစားပါ

ဒီအလေ့အထက အနောက်ဥရောပနိုင်ငံတွေထက် အာရှနိုင်ငံတွေမှာ ပိုပြီးတွေ့ရများပါတယ်။ မြန်မာလူမျိုးတွေမှာဆိုရင်တော့ ဟင်းမကောင်းတောင် မိသားစုစုံစုံလင်လင်လေးထမင်းစားလိုက်ရရင် ထမင်းမြိန်တယ်ဆိုပြီး ပြောလေ့ရှိတယ်နော်။ သံယောဇဉ်ကြီးတတ်တဲ့ မြန်မာလူမျိုးတွေဟာ အရင်ကတည်းက မိသားစုလက်ဆုံထမင်းစားကြတာပါ။ ဒေါင်းလန်းကြီးနဲ့ လက်ရည်တစ်ပြင်တည်းတောင် စားခဲ့ကြသေးတာနော်။

မိသားစု လက်စုံထမင်းစားတာက ကလေးလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးများတဲ့အလုပ်ပါ။ မိသားစု ထမင်းဝိုင်းက တကယ်တော့ တစ်နေ့တာဖြစ်ပျက်သမျှတွေကို ရင်ဖွင့်တဲ့နေရာလေးတစ်ခုလို့ပြောလိုရပါတယ်။ ဒီအချိန်လေးကို အကောင်းဆုံး အသုံးချတတ်ရင် ကိုယ်တိုင်ရော မိသားစုအတွက်ပါကောင်းပါတယ်။

မိသားစု အတူတူထမင်းစားပါလို့ ပြောရတဲ့ အကြောင်းအရင်း

တစ်နေ့တာမှာ တစ်ကြိမ်လောက်တော့ မိသားစုနဲ့ အတူတူထမင်းစားသင့်ပါတယ်။ ဒီလိုထမင်းလက်ဆုံစားတာကြောင့် –

  •     အစားစားချိန်မှန်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်၊ အစာခြေစနစ် ကျန်းမာတယ်။
  •     အသီးအရွက်နဲ့ အသား၊ငါးကို မျှတစွာစားသုံးဖြစ်တာကြောင့် ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေတယ်။
  •     အစားတွေအများကြီးမစားမိတော့ဘူး။ တစ်ယာက်တည်း ထမင်းစားတဲ့အခါ ရှိသမျှ စားစရာတွေကို တစ်ယောက်တည်း အကုန်စားရတာကြောင့် အစားတွေအများကြီးစားမိစေနိုင်ပါတယ်။ ဒီလိုကနေ အဝလွန်တဲ့ ပြဿနာခံစားရနိုင်ပါတယ်။
  •     စိတ်ဓာတ်ကျနိုင်ခြေနည်းစေနိုင်တယ်။ မိသားစုဝင်တွေစုံစုံလင်လင်ထမင်းလက်ဆုံစားကြတဲ့အခါ ခံစားချက်တွေကို ဖွင့်ဟခွင့်ရတာကြောင့် စိတ်ဓာတ်ကျတာမျိုးဖြစ်နိုင်ခြေနည်းစေပါတယ်။ မိသားစုနဲ့ ထမင်းလက်ဆုံစားဖြစ်တဲ့ ဆယ်ကျော်သက်တွေက မူးယစ်ဆေးဝါးစွဲတာမျိုးဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်၊ လို့ လေ့လာမှုအရသိရပါတယ်။
  •     မိသားစုနဲ့အတူတူ ထမင်းလက်ဆုံစားတာက ကလေးငယ်တွေမှာ တွေးတောဆင်ခြင်နိုင်စွမ်းတိုးတက်စေနိုင်သလို ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
  •     မိသားစုလက်ဆုံထမင်းစားကြတာရဲ့ နောက်ထပ်ကောင်းကွက်တစ်ခုက ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာပါ။ ကျောင်းနေအရွယ်ကလေးတွေမှာလည်း သင်ယူလိုစိတ်တိုးလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
  •     မိသားစုဝင်တွေကြားမှာ ချစ်ခင်ရင်းနှီးမှုတွေ ပိုတိုးစေနိုင်တာကြောင့် ပျော်ရွှင်စရာအသိုက်အမြုံလေးကိုဖြစ်ပေါ်စေပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးအဖြစ် ဖန်တီးနိုင်မှာပါ။
  •     ကလေးငယ်တွေမှာ အသီးအရွက်တွေစားပိုစားဖြစ်အောင် ထောက်ပံ့ပေးနိုင်တာကြောင့် ကျန်းမာစွာ စားသောက်တတ်တဲ့ ကလေးငယ်လေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာစေပါတယ်။
  •     အချိုစာနဲ့ အခြားသော ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားမိနိုင်ခြေနည်းစေတယ်။ မိသားစုနဲ့ ထမင်းစားတဲ့ အခါ မစားနိုင်မှာစိုးတာကြောင့် သရေစာကို လျှော့စားရင်း က ကျန်းမာရေးနဲ့မညီညွတ်တာတွေကို လျှော့စားပြီးသားဖြစ်သွားပါတယ်။
  •     ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်။ မိသားစုနဲ့ လက်ဆုံ ထမင်းစားကြတဲ့ ကလေးတွေရော၊ လူကြီးတွေရောပါ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာကြတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။
  •     မိသားစုဝင်တွေနဲ့ အမြဲပြောဆိုဆက်ဆံနေရမှု၊ ပြဿနာတွေကို မျှဝေနေမှုတွေက အချိန်ကာလအတိုင်းအတာတစ်ခုဖြစ်လတဲ့အခါ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ အလေ့အထကို ပျိုးထောင်ပြီးသားဖြစ်စေပါတယ်။
  •     ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းကြတဲ့သူတွေက မိသားစုကို အချိန်ပေးပြီး ထမင်းလက်ဆုံစားတတ်ကြသူတွေပါ။ ထမင်းဝိုင်းမှာ ပြဿနာတွေကို အဖြေရှာကြရင်းက အကောင်းဆုံး ပြဿနာဖြေရှင်းသူတွေဖြစ်လာရတာပါ။
  •     နှလုံးရောဂါခံစားရနိုင်ခြေကိုနည်းစေနိုင်တဲ့ အကျိုးကျေးဇူးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်နော်။ မိသားစုနဲ့ ထမင်းလက်ဆုံစားရင်း စိတ်ဖိစီးမှုတွေကို ဝေမျှပြောဆိုရင်းက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
  •     ဆီးချိုဖြစ်နိုင်ခြေကို နည်းစေပါတယ်။ မိသားစုအားလုံးစုံစုံညီညီနဲ့ ထမင်းစားတဲ့အခါ စိတ်ဖိစီးမှုကို  ပြေလျော့စေသလို အချိန်မှန်ထမင်းစားဖြစ်တယ်။ ဒီအချက်တွေကပဲ သင့်ကို ဆီးချိုရောဂါ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးတာပါ။

ဒီလိုဆိုတာနဲ့ မိသားစုနဲ့ မဖြစ်မနေထမင်းစားပါလို့ ပြောတာမဟုတ်ပါဘူး။ တစ်ပတ်ကို ၄ ကြိမ်လောက် မိသားစုနဲ့ ထမင်းစားပေးတာက အခုပြောခဲ့တဲ့ အကျိုးကျေးဇူတွေရရှိစေဖို့လုံလောက်ပါတယ်။ မနက်ခင်း ရုံးမှာ ထမင်းစားရလို့ မိသားစုနဲ့ မစားဖြစ်ဘူးဆိုရင်လည်း ညနေ အိမ်ပြန်ရောက်တဲ့အခါ မိသားစုနဲ့ အတူတူထမင်းစားပေးပါ။ ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ ထမင်းလက်ဆုံစားဖြစ်အောင် ကြိုးစားပါ။

ဒီလိုအချိန်ပေးတာကလည်း မိသာစုအပေါ် ချစ်တယ်ဆိုတာ ပြသရာရောက်ပြီး စိတ်ရော ကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ဘယ်လိုလဲ မိသားစုနဲ့ ပျော်ရွှင်စရာအချိန်လေးဖန်တီးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်ဖို့ အသင့်ဖြစ်ပြီလား…………………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly