သံဓာတ်နည်းတဲ့သူရာ သံဓာတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓာတ်များတဲ့ အစားအသောက်များ

သံဓာတ်နည်းတဲ့သူရာ သံဓာတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓာတ်များတဲ့ အစားအသောက်များ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

အစားအသောက်တိုင်းကတော့ သူအာဟာရနဲ့သူ ရှိကြတဲ့သူချည်းပါပဲ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ချို့ အစားအသောက်တွေက ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတော့ များများစားမိရင် ဘေးဖြစ်စေတဲ့ အစားအသောက်တွေကလည်း တစ်ပုံကြီးပါ။ ခုပြောပြမယ့် ဆောင်းပါးလေးကတော့ သံဓာတ်အားနည်းတဲ့သူတွေအတွက် ဆေးဖြစ်ပေမယ့် သံဓာတ်များတဲ့သူတွေ အတွက် ဘေးဖြစ်စေမယ့် သံဓာတ်များတဲ့ အစားအသောက်တွေ အကြောင်းပြောပြပေးမှာပါ ။ ။
( ၁ ) Shell fish ( အခွံမာပင်လယ်စာ)

ဒီ အခွံမာတဲ ့ပင်လယ်စာတွေကိုတော့ မသိတဲ့သူရှိမယ်လို့ မထင်ပါဘူး။ စားရတာလည်း အရသာရှိသလို အာဟာရတွေလည်း  အပြည့်ရှိတဲ့ အစားအသောက်တွေပါ။ အထူးသဖြင့် ဂုံးတို့ ၊ကမာတို့ ခရုတို့ဟာ သံဓာတ်များတဲ့ အစားအသောက်တွေပါ။ ဂုံး ၁၀၀ ဂရမ်မှာ သံဓာတ် ၂၈ မီလီဂရမ် ပါဝင်ပြီး ပါတဲ့ သံဓာတ်အမျိုးအစားကလည်း heme type ဖြစ်တာကြောင့် ကိုယ်ခန္ဓာက စုပ်ယူရလွယ်ကူစေပါတယ်။ ဒါ့ကြောင့် သံဓာတ်များနေတဲ့သူတွေကတော့ ရှောင်သ့င်ပြီး သံဓာတ်နည်းနေတဲ့သူတွေကတော့  အားထားစားရမယ့် အစားအစာတစ်ခုပါ။
( ၂ ) ဟင်းနုနွယ် ။

ဟင်းနုနွယ်မှာ အမြင်အာရုံကို အားကောင်းစေတဲ့ ဗီတာမင် A သာမက အခြား အာဟာရဓာတ်တွေဖြစ်တဲ့ သံဓာတ်နဲ့ အမျှင်ဓာတ်လည်း အများကြီးပါပါတယ်။ ဟင်းနုနွယ် ၁၀၀ ဂရမ်မှာ သံဓာတ် ၃.၆ မီလီဂရမ်ပါပါတယ်။ အပင်မို့လို့ ကိုယ်ခန္ဓာက သိပ်မစုပ်ယူနိုင်တဲ့ non-heme iron ဖြစ်ပေမယ့် ဟင်းနုနွယ်ကိုယ်တိုင်မှာ ဗီတာမင် C တွေကြွယ်ဝစွာပါတာကြောင့် ကိုယ်ခန္ဓာက မစုပ်ယူနိုင်မှာ အတွက် စိုးရိမ်စရာမရှိပါဘူး။
( ၃ ) ကလီစာများ ။ ။

ကလီစာတွေဖြစ်တဲ့ အသည်းတို့၊ ကျောက်ကပ်တို့၊ နှလုံးတို့ ဦးနှောက်တို့ဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေပါ။ သူတို့မှာ သံဓာတ်အများကြီးပါတဲ့အပြင် အခြား အာဟာရဓာတ်တွေဖြစ်တဲ့  selenium, vitamin A and choline တို့လည်း ကြွယ်ဝစွာပါပါတယ်။
( ၄ ) ပဲအမျိုးမျိုး ။

ပဲနီလေး၊ ပဲပိစပ်၊ ပဲကြီးနဲ့ စတော်ပဲ တို့မှာ အပင်ကရတဲ့ Non- heme သံဓာတ်တွေ အများကြီးပါတဲ့အပြင် ဖောလိတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ် တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သံဓာတ်များနေသူတွေရော နည်းနေသူတွေပါ သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။
( ၅ ) အနီရောင်ရှိတဲ့ အသား။  ။

အနီရောင်ရှိတဲ့ အသားတွေဆိုတော့အမဲသား၊ ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်တောင်ပါတဲ့အပြင် သူ့မှာပါတဲ့ သံဓာတ်အမျိုးအစားက heme type ဖြစ်တာကြောင့် စုပ်ယူရအလွယ်ကူဆုံးဖြစ်လို့ သံဓာတ်အားနည်းနေတဲ့သူတွေ လုံးဝကို သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။ သွေးအားနည်းလို့ သံဓာတ်အားဖြည့်ဆေးတွေ သောက်မယ့်အစား အမဲသားစားတာက ပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

( ၆ ) အခြား သံဓာတ်ကြွယ်ဝတဲ့  အစားစာတွေကတော့]

    ပန်းဂေါ်ဖီစိမ်း
    ဖရုံစေ့
    ကြက်ဆင် နဲ့
    Quinoa တို့ပဲ ဖြစ်ပါတယ် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly