ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
ခေတ်စနစ်တွေတိုးတက်လာမှုနဲ့အတူ ဆေးပညာနယ်ပယ်မှာလည်း တိုးတက်မှုတွေအတော်လေးများလာနေပါတယ်။ ဒီလိုတိုးတက်လာတဲ့ ဆေးပညာတွေထဲမှာ ကုသမှုနည်းလမ်းတွေပါဝင်နေသလို ကာကွယ်တဲ့နည်းလမ်းတွေလည်းပါဝင်လို့နေပါတယ်။ တိုးတက်လာမှုထဲမှာ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်လို့ဆိုရမယ့် သားဆက်ခြားနည်းတွေပါ ပါဝင်နေပါတယ်။
သန္ဓေတားသောက်ဆေး အကြောင်းတစေ့တစောင်း
သန္ဓေတားသောက်ဆေး (OCP) က ကိုယ်ဝန်မရရှိအောင်ကာကွယ်ပေးတဲ့ ဆေးဝါးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေမှာ အက်စထရိုဂျင် ဟော်မုန်းပါဝင်တဲ့ သန္ဓေတားသောက်ဆေးရှိသလို ၊ အက်စထရိုဂျင်ရော ပရိုဂျက်စတင်ပါပါဝင်နေတဲ့ သန္ဓေတားသောက်ဆေးလည်းရှိပါတယ်။ သန္ဓေတားသောက်ဆေးတွေကို သေသေချာချာသောက်သုံးမယ်ဆိုရင် မမျှော်လင့်ဘဲကိုယ်ဝန်ရရှိတာမျိိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သန္ဓေတားသောက်ဆေးကို ၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပေးခဲ့တာဖြစ်ပြီး သန္ဓေတားသောက်ဆေးက လူကြိုက်အများဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ကမ္ဘာတစ်လွှားက အမျိုးသမီး သန်း ၁၀၀ ကျော်က သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး ၁၆ ရာခိုင်နှုန်းက သန္ဓေတားသောက်ဆေးကိုသောက်သုံးနေကြပြီး အသက် ၁၆ နှစ် ကနေ ၄၉ နှစ်ကြားအရွယ်ရှိတဲ့ ယူကေအမျိုးသမီး ၃ ပုံ ၁ ပုံခန့်နဲ့ ဂျပန်အမျိုးသမီး ၁ ရာခိုင်နှုန်းတို့လည်း သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြတယ်၊လို့ သိရပါတယ်။
သန္ဓေတားသောက်ဆေးကိုစတင်ပေါ်လာတဲ့အချိန်ကစလို့ လိုအပ်ချက်တွေကို ပြုပြင်ရင်း ကောင်းသထက်ကောင်းအောင်ပြင်ဆင်ထုတ်လုပ်လာခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သန္ဓေတားသောက်ဆေးတွေက ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်တဲ့ သားဆက်ခြားနည်းတစ်မျိုးဖြစ်လို့လာပါတယ်။
လေဒီယာ ရိုစာလိုမျိုး သန္ဓေတားသောက်ဆေးဆိုရင် ဆေးဝါးပမာဏအနည်းငယ်သာပါတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပြီး သန္ဓေတားဖို့အတွက် အသုံးပြုလို့ရသလို ရာသီလာချိန်အလွန်အမင်းကိုက်ခဲခြင်းဝေဒနာများအတွက်ပါ သောက်သုံးလို့ရပါတယ်။ လေဒီယာ ရိုိစာ တစ်ကဒ်မှာ ဆေးပြား ၂၈ ပြားပါဝင်ပြီး ဟော်မုန်းပါတဲ့ဆေးပြား ၂၁ပြား၊ ဟော်မုန်းမပါတဲ့ ဆေးပြား ရ ပြား ပါရှိပါတယ်။
နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာ
နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာက တစ်နေ့တစ်လုံးပုံမှန်သောက်ပေးရုံနဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်တဲ့ သောက်ဆေးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေက သားအိမ်ခေါင်းအချွဲတွေကို ထူစေပြီး မျိုးဥအိမ်တွေကနေ မျိုးဥတွေထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ သန္ဓေတားဆေးသောက်ဆေးမှာ progestin နဲ့ estrogen ဟော်မုန်း နှစ်မျိုးပါတဲ့ ဆေးရှိသလို progestin ဟော်မုန်းတစ်မျိုးထဲပါတဲ့ ဆေးလည်းရှိပါတယ်။ တတ်သိနားလည်တဲ့သူနဲ့ တိုင်ပင်ပြီးမှသောက်သုံးဖို့တော့ မမေ့ပါနဲ့။
သန္ဓေတားသောက်ဆေးတွေက အမျိုးသမီးတိုင်းနဲ့သင့်တော်ရဲ့လား
သန္ဓေတားသောက်ဆေးက အကောင်းဆုံးသော သားဆက်ခြားနည်းဆိုပေမယ့် အခုလိုမျိုး လက္ခဏာတွေရှိရင်တော့ မသောက်သုံးသင့်ပါဘူးလို့ပြောပါရစေ။
- ရင်သားကင်ဆာရှိတာ
- သားအိမ်ကင်ဆာရှိတာ
- အကြောင်းအရင်းမရှိဘဲ သွေးဆင်းနေတာ
- နှလုံးရောဂါရှိတာ
- သွေးတိုးရောဂါရှိတာ
- ရင်ဘတ်အောင့်တာ
- ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါရှိတာ
- ဆီးချိုဝေဒနာရှိတာ
- အသညး်မှာ ကင်ဆာကျိတ်ရှိနေတာ
- အသညး်ရောဂါရှိနေတာ
- လေဖြတ်နိုင်ခြေရှိနေတာ
- ကိုယ်ဝန်ဆောင်ထားတာ မျိုးဆိုရင်တော့ နေ့စဉ်သန္ဓေတားသောက်ဆေးနဲ့ အဆင်မပြေပါဘူး။
ဒီအချက်လေးသိထားဖို့လိုပါမယ်
estrogen နဲ့ progestin ဟော်မုန်းတွေပါဝင်နေတဲ့ သန္ဓေတားဆေးတွေသောက်သုံးနေချိန်မှာ ဆေးလိပ်သောက်သုံးမယ်ဆိုရင် နှလုံးထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ အသက် ၃၅ နှစ်နဲ့အထက်ဖြစ်နေပြီး ဆေးလိပ်သောက်သုံးတဲ့ လေဒီတွေအနေနဲ့ကတော့ estrogen နဲ့ progestin ဟော်မုန်းတွေပေါင်းစပ်ပါဝင်နေတဲ့ သန္ဓေတားဆေးမျိုးကိုသောက်သုံးမယ်ဆိုရင် ရုတ်တရက် နှလုံးရပ်တာ၊ သွေးခဲတာနဲ့ လေဖြတ်တာတွေဖြစ်နိုင်တာကြောင့် မသောက်သုံးသင့်ပါဘူး။
အမျိုးသမီးတွေအနေနဲ့ သန္ဓေတားသောက်ဆေးသောက်သုံးမယ်ဆိုရင် ဆရာဝန်ထံသွားပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ မိသားစုမှာ နှလုံးရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိလားဆိုတာနဲ့ ဆေးလိပ်သောက်တတ်တယ်ဆိုရင် တစ်နေ့ကို စီးကရက်ဘယ်လောက်ထိသောက်လဲဆိုတာတွေကို ပြောပြဖို့ လိုပါလိမ့်မယ်။
သန္ဓေတားသောက်ဆေးက ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ
သန္ဓေတားသောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေသေချာချာသောက်သုံးမယ်ဆိုရင် တော်တေ်ာလေးထိရောက်မှုရှိပါတယ်။ သန္ဓေတားသောက်ဆေးကို အချိန်မှန် တစ်နေ့တစ်လုံးပုံမှန်သောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေကို ၉၉ ရာခိုင်နှုန်းလောက်အထိကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန်သောက်ပေမယ့် အချိန်မှန်မသောက်မိတာ၊ တစ်ရက်တလေလောက်မေ့လျော့တာမျိုးရှိခဲ့ရင်တောင်မှ ၉၃ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းလောက်အထိ ကာကွယ်မှုပေးနိုင်ပါတယ်။ သန္ဓေတားဆေးကို ပုံမှန်မသောက်ဖြစ်တာကြောင့် ကိုယ်ဝန်ရရှိသွားတဲ့ လက္ခဏာမျိုးရှိခဲ့ရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ဖို့လိုပါမယ်။
သန္ဓေတားသောက်ဆေးကို ဒါတွေအတွက်လည်းသုံးလို့ရပါတယ်
သန္ဓေတားသောက်ဆေးတွေကို ကိုယ်ဝန်မရရှိအောင်ကာကွယ်ဖို့တင်မဟုတ်ဘဲ ဒီလိုလည်းသုံးလို့ရပါတယ်။
- ရာသီလာစဉ်ကိုက်ခဲနာကျင်တာသက်သာစေဖို့
- ရာသီထိန်နေတာကို ပြန်ပေါ်စေဖို့
- ဝက်ခြံတွေသက်သာစေဖို့
- မျိုးဥအိမ် နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို ကျဆင်းစေဖို့
- သားအိမ်ထဲမှာ အလုံးတည်တာ၊ မျိုးဥအိမ်ထဲမှာ အလုံးအဖုလေးတွေဖြစ်တာ၊ ရင်သားမှာဖြစ်တဲ့ အကျိတ်အဖုတွေအတွက်လည်း သန္ဓေတားသောက်ဆေးကို သုံးလို့ရပါတယ်။
သန္ဓေတားသောက်ဆေးကို သောက်သုံးပေးတာက နေ့စဉ်သောက်သုံးရတာဖြစ်တာကြောင့် သတိထားဖို့လိုတယ်ဆိုပေမယ့် ကိုယ်ဝန်ရနိုင်ခြေကို တော်တေ်ာလေးနည်းစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက လိင်ဆက်ဆံရာမှာ အနှောင့်အယှက်လုံးဝမဖြစ်တာပါ။ ဈေးနှုန်းလည်းသင့်တင့်ပြီး အသုံးပြုရတာလည်းလွယ်ကူလှပါတယ်။ နှစ်ပေါင်း ၄၀ ကျော်လေ့လာသုတေသနပြုမှုတွေအရ သန္ဓေတားသောက်ဆေးတွေက ရေရှည်အတွက်လည်းကောင်းသလို ခန္ဓာကိုယ်မှာထိခိုက်တာမျိုးလည်းမရှိပါဘူး။