ဥပဒေစိုးမိုးမှု ယိုယွင်းနေသည့် အာဖဂန်နစ္စတန်တွင် သေနတ်သမားများက ဆရာဝန်တဦးကို ပြန်ပေးဆွဲ

By The Print
08 April 2022
ဥပဒေစိုးမိုးမှု ယိုယွင်းနေသည့် အာဖဂန်နစ္စတန်တွင် သေနတ်သမားများက ဆရာဝန်တဦးကို ပြန်ပေးဆွဲ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်-ဂျလာလာဘတ် အဝေးပြေးလမ်းမတွင် ပြီးခဲ့သည့် မတ်လ ၂၆ ရက်က အရေပြားရောဂါ အထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာ ဇယ်လ်မေ ခန်း အာမက်ဇိုင်ကို အမည်မသိ သေနတ်သမားများက ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ဒေါက်တာ ဇယ်လ်မေ ခန်း အာမက်ဇိုင်ကို စနေနေ့က ကဘူးလ်- ဂျလာလာဘတ် အဝေးပြေးလမ်းမှာ အမည်မသိ သေနတ်သမားတွေက ပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ဆရာဝန်ဟာ အရေပြားရောဂါ အထူးကုတစ်ဦးဖြစ်ပြီး ကဘူးလ်နဲ့ နန်ဂါဟာမှာ အရေပြားရောဂါကု ဆေးခန်း ဖွင့်ထားတယ်လို့ သူ့မိသားစုက ပြောပါတယ်” ဟု ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ယင်းဖြစ်စဉ်က အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးရေး အခြေအနေ ယိုယွင်းဆိုးရွားနေခဲ့သည်ကို သိရှိစေနိုင်သည်။

လက်ရှိ တာလီဘန်အစိုးရသစ်လက်ထက်တွင် အာဖဂန်နစ္စတန်နိုင်ငံတဝန်း တရားဥပဒေ စိုးမိုးရေးအခြေအနေက အက်ကွဲလွယ်သည့် အနေအထားတွင် ဆက်ရှိနေပြီး ကုန်သည်များနှင့် အရပ်သားပြည်သူများအတွက်လည်း တစ်စထက်တစ်စ လျော့ပါးလာနေသည့် စီးပွားရေးတစ်ခုနှင့် လုံခြုံရေးဆိုင်ရာ မသေချာမရေရာမှု အခြေအနေတို့ ရှိနေသည်။

လက်ရှိတွင် တာလီဘန်တို့သည် နိုင်ငံ စီမံအုပ်ချုပ်မှုဆိုင်ရာ အကြီးမားဆုံး စမ်းသပ်မှုနှင့် ရင်ဆိုင်နေရသလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပယ်ခံ ‘မကောင်းသော အစိုးရ” တစ်ရပ် ဖြစ်နေခြင်း ဆိုသည့် အခြေအနေနှင့် လုံးပန်းနေရကြောင်း Geopolitica.info တွင် ရေးသားနေသည့် ဒီ ဗယ်လီရီယို ဖက်ဘရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required