သောက်ရေခပ်ဆည် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများက ဆန္ဒပြ

သောက်ရေခပ်ဆည် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများက ဆန္ဒပြ

တောင်ငူ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အရှေ့ဘက်ရှိ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်း (၂) တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း၂၀ နီးပါးမှ ဒေသခံ ၁၀၀ ခန့်က ၂၀၁၅ ခုနှစ် မေလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က သောက်ရေခပ် ချောင်းဖျားရှိ ဇတ်ဆိပ်နေရာတွင် စုဝေးပြီး ဆန္ဒပြခဲ့သည်။

ဒေသခံများက သောက်ရေခပ်ဆည် စီမံကိန်း (၁) ဆက်လက် မလုပ်ဆောင်ရန်နှင့် သောက်ရေခပ် (၂) ဆည် တည်ဆောက်စဉ်က ရေအောက်နစ်မြုပ်ခဲ့သည့် သောက်ရေခပ်ချောင်းဖျားရှိ ပလက်ဝတံတား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရန်၊ လယ်ယာမြေနစ်နာမှုများ အမြန်ဆောင်ရွက်ပေးရန်၊ ဇတ်ဆိပ်အနီးရှိ လမ်းများ ပြုပြင်ပေးရန် စသည့် တောင်းဆိုချက်လေးချက်ကို တောင်းဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ကရင် မြစ်၊ ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးစောသာဘိုးက "သောက်ရေခပ် (၂ )ဆည်တည်ဆောက်တော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများတယ်၊ ဆာဗေးမရှိခဲ့ဘဲ လုပ်ခဲ့တယ်၊ ရေဝပ်ဧရိယာ မြင့်တက်လာပြီး သစ်တောနဲ့ တောင်ယာတွေ ရေမြုပ်တဲ့အတွက် ဒေသခံတွေရဲ့ လူနေမှုဘဝ နစ်နာခဲ့ရတယ်" ဟုဆိုသည်။

အဆိုပါ သောက်ရေခပ်ဆည်စီမံကိန်း အမှတ် ၁ တည်ဆောက်စဉ်က ရေနစ်မြုပ်ဧရိယာတွင် ပါဝင်ခဲ့သည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဘောဂလိမြို့ ပြောင်သို၊ ဘောဂလိကြီး၊ ဘောဂလိလေးနှင့် တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စု ထုံးဘိုကျေးရွာ၊ ရေအိုးစင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း၂၀ ကျော်မှ အိမ်ထောင်စုပေါင်း ၆၀၀ နီးပါးမှ ဒေသခံများ၏ စိုက်ခင်းသီးနှံများ၊ ဥယျာဉ်ခြံမြေများ အပါအဝင်
နေအိမ်များ ရွေ့ပြောင်းပေးခဲ့ရပြီး တောင်ငူ-ဘောဂလိ-မော်ချီး လမ်းပေါ်ရှိ ပလက်ဝတံတားတို့ရေမြုပ်ခံခဲ့ရသည်။ ထိုအဖြစ်များကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများအတွက် လူမှုဒုက္ခများနှင့် ကြုံတွေ့ခဲ့ရပြီး ဒေသခံများပြန်လည် ထူထောင်ရေးကို စီမံကိန်း တည်ဆောက်သည့် ကုမ္ပဏီက အပြည့်အဝ တာဝန်ယူခြင်း မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆည်တည်ဆောက်မှုကြောင့် ဆည်အောက်ပိုင်း မြို့နယ်များမှ ရပ်ကွက်ကျေးရွာပေါင်း ၆၀၀၀ နီးပါးမှ ဒေသခံ ၄၀၀,၀၀၀ နီးပါး အသက်ဘေးနှင့် ကြုံတွေ့နိုင်ခြင်းကြောင့် သောက်ရေခပ်ဆည် စီမံကိန်း ၁ ကို ဆက်လက်မလုပ်ဆောင်ရွက် ကန့်ကွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည် ဟု ခူပြောင်ကျေးရွာမှ  ဦးစောသာမူးကဆိုသည်။

ထုံးဘိုကျေးရွာမှ နော်အဲဇိဘတ်က ‘စီမံကိန်း ၁ ကို ဆောက်တုန်းကလည်း ကျွန်မတို့ဘာမှ မသိရဘူး၊ ဖယ်ဆိုဖယ်လိုက်ရတယ်၊ ကတိပေးထားတဲ့ အတိုင်း လျှပ်စစ်ရမယ်ဆိုတာလည်းမရဘူး၊ လျော်ကြေးကလည်း မလောက်မငနဲ့ ဒီလျော်ကြေးက သားစဉ်မြေးဆက် လက်ဆင့်ကမ်းမရဘူး၊တံတားမရှိတော့ဘဲ ဇာတ်နဲ့ကူးနေရတာကလည်း အရေးြံကီးရင် သိပ်ဒုက္ခရောက်တယ် ဟုဆိုသည်။

ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရန် ဧပြီ ၂၆ ရက်က သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနသို့ အသိပေးအကြောင်းကြားချိန်တွင် စီမံကိန်း တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးမှ ဒေသခံများတောင်းဆိုမှုများကို လုပ်ဆောင်ပေးမည်ဖြစ်ကာ ဆန္ဒမထုတ်ဖော်ရန် ညှိနှိုင်းခဲ့သော်လည်း ဒေသခံများက သဘောမတူဘဲ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သည့် ဒေသခံများက ရေကာတာကြောင့် ရေနစ်မြုပ်ခဲ့သည့် လယ်ဧကများ နှင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်များအတွက် နစ်နာကြေး၊ လျော်ကြေးများ ထိထိရောက်ရောက် ပေးလျော်စေချင်သည်ဟု ဆိုသည်။

ဆည်တည်ဆောက်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေစွမ်းအား ကုမ္ပဏီ စီမံကိန်း ဒါရိုက်တာ ဦးဝင်းမောင်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသည့်အတွက် အဆက်အသွယ် မရခဲ့ပေ။

သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags