တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသုံးဖွဲ့မှ နုတ်ထွက်မှု ထိပ်သီးအစည်းအဝေး ကျင်းပကာ NCCT ပြန်ဆုံးဖြတ်မည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသုံးဖွဲ့မှ နုတ်ထွက်မှု ထိပ်သီးအစည်းအဝေး ကျင်းပကာ NCCT ပြန်ဆုံးဖြတ်မည်
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ဆန်း တွင်ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုအဖွဲ့ ၁၂ ဖွဲ့ဆွေးနွေးပွဲကို မေ ၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ချင်းမိုင် (မဇ္ဈိမ)။ ။ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် ရက္ခိုင် တပ်မတော် (AA) တို့ သုံးဖွဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် တင်ပြထားမှုကို တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးညီလာခံ ပြန်လည် ကျင်းပဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မည်ဟု NCCT ၏ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

"ပြန်လည် သုံးသပ်ဖို့ ရှိတယ်ဆိုတဲ့ သဘောပေါ့။ သို့သော်လည်း NCCT မှာ အဖွဲ့ဝင်ဖြစ်ခြင်း မဖြစ်ခြင်းကို သုံးသပ်ရမဲ့ ပွဲမဟုတ်ဘူးလေ။ အဲဒါကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပွဲမှာ တရားဝင် ဆွေးနွေးရအောင်ဆိုပြီးတော့ ထားလိုက်တယ်" ဟု ခွန်ဥက္ကာက ပြောသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ ဆွေးနွေးမှုအတွင်း အထက်ပါ လက်နက်ကိုင် အဖွဲ့ဝင်များက တင်ပြခဲ့ခြင်းဖြစ်သည်။

အဖွဲ့အစည်းများ၏ ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေချိန် ပြီးခဲ့သည့် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ကြောင့်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) အား အယုံအကြည် မရှိတော့သဖြင့် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ပြောသည်။

“နုတ်ထွက်ရတဲ့ ရည်ရွယ်ချက်က NCA မူကြမ်းကို သဘောတူပြီး လက်မှတ်ထိုးနေတဲ့အချိန်မှာ ဒီကျွန်တော်တို့ ဒေသရယ်၊ ကိုးကန့်ဒေသရယ် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတယ်။ နောက်တဆက်တည်းဘဲ ပန်ဆန်း ညီလာခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အစည်းအဝေး ဖိတ်ခေါ်တဲ့ အချိန်ကျတော့ UPWC က ကျွန်တော်တို့ အဖွဲ့သုံးဖွဲ့ကို ညီလာခံ မတက်ဖို့ ပြောကြားတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ တဖက်ကလည်း မူကြမ်းကို သဘောတူတယ်လို့လည်း ပြောတယ်။ ဒီညီလာခံမတက်ဖို့ ကျနော်တို့ကို ဖယ်ချင်တဲ့ သဘောတွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ UWPC ကို အယုံအကြည် မရှိတော့လို့ ကျနော်တို့ NCCT ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ပြောသည်။

ကွပ်ခိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်ထိ လေးရက်ဆက်တိုက် တအာင်းတပ်နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မေလ ၄ ရက်ကလည်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲအနီးတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ဟုလည်း သူက ဆိုသည်။

အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ သုံးဖွဲ့သည် ယင်းတို့ NCCT မှ နုတ်ထွက်လိုကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ဆန်း မျက်နှာစုံညီ အစည်းအဝေးတွင် တစ်ဖွဲ့ချင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့၏ မျက်နှာဆုံးညီ အစည်းအဝေးတွင် အဆုံးအဖြတ်ပေးနိုင်ခြင်း မရှိသည့်အတွက် NCCT ထိပ်သီးအစည်းအဝေးတွင် ပြန်လည် ဆွေးနွေးကြမည်ဟုလည်း မိုင်အိုက်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly