စစ်ဘေးရှောင်များကို ငွေလှူသည့် တက္ကသိုလ် ကျောင်းသူ ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်ချ

By ကိုရွှေမြိတ်
18 February 2022
စစ်ဘေးရှောင်များကို ငွေလှူသည့် တက္ကသိုလ် ကျောင်းသူ ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်ချ

ဖေဖော်ဝါရီ ၁၈

စစ်ဘေးရှောင် ပြည်သူများကို KBZ Pay မှ တစ်ဆင့် ငွေကျပ် ၅,၀၀၀ လှူဒါန်း၍ဟု ဆိုကာ ထားဝယ် တက္ကသိုလ် ကျောင်းသူ နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက် ပုဒ်မ ၅၂ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနစ် နှစ်စီ ချလိုက်သည်။

အဆိုပါ တက္ကသိုလ် ကျောင်းသူ နှစ်ဦးမှာ မအိခြူးခြူးမော်နှင့် မလင်းလက်ကြည်တို့ ဖြစ်ပြီး ထားဝယ်အကျဥ်းထောင်ရှိ ထောင်တွင်းတရားရုံးက ဖေဖော်ဝါရီလ ၁၆ ရက်တွင် အကြမ်းဖက် ပုဒ်မ ၅၂ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ် စီ အမိန့်ချမှတ်ခဲ့သည်ဟု ထားဝယ် နိုင်ငံရေး အကျဥ်းသားများကွန်ရက် (DPPN ) က ထုတ်ပြန်ထားသည်။

အသက် ၁၉ နှစ် အရွယ် မအိခြူးခြူးမော် သည် ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာ ပထမနှစ် ကျောင်းသူ တစ်ဦးဖြစ်ပြီး အသက် ၂၀ အရွယ် မလင်းလက်ကြည်မှာ နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ် ကျောင်းသူ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၎င်းတို့ နေထိုင်သည့် မေတ္တာမြို့နယ်၊ ဟိန္ဒားပြင် ကျေးရွာနှင့် ဟိန္ဒားကျေးရွာရှိ နေအိမ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ၏ အကြမ်းဖက် ဖမ်းဆီးခြင်း ခံခဲ့ရသူများ ဖြစ်သည်ဟု DPPN ထံက သိရသည်။ ၎င်းတို့သည် ၂၀၂၁ ခုနှစ် ဇွန်လ အတွင်း စစ်ဘေးရှောင် ပြည်သူများကို KBZ Pay မှ ငွေကျပ် ၅,၀၀၀စီ လှူဒါန်းခဲ့သည်။

#ထားဝယ်တက္ကသိုလ်ကျောင်းသူ

#အကြမ်းဖက်ပုဒ်မ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly