ပူတာအို၌ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

By အဂမ် (မနောမြေ)
16 February 2022
ပူတာအို၌ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ဖေဖော်ဝါရီ ၁၆

ပူတာအိုခရိုင် လုံရှာယာန်ကျေးရွာနှင့် ဖတ်မာကျေးရွာ ကြား၌ စစ်ကောင်စီတပ်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် ည ၈ နာရီမှ စ၍ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ရေး တင်းမာနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် နှစ်ဖက် အဖွဲ့များက တိုက်ပွဲကို အရန်သင့် စောင့်ဆိုင်း နေကြ၍ ဒေသခံ ပြည်သူများက ကတုတ်ကျင်းများတွင် ပုန်းခိုနေကြရသည်ဟု ဆိုသည်။

ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားစဉ် တိမ်းရှောင်သည့် ဖက်မာကျေးရွာမှ ဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း ကနဦး စုံစမ်း သိရှိရသည်။ သေဆုံးသူ လင်မယားမှာ အသက် ၂၀ ကျော်အရွယ် ဦးငွားဇီဘာ (U Ngwa Ziber) နှင့် ဒေါ်ဂျာလီဒွေး( Jar Li Dew) တို့ ဖြစ်သည်။

စစ်တပ် အာဏာသိမ်းသည့် တစ်နှစ် ပြည့်သည့် ဖေဖော်ဝါရီလ ၁ နေ့ကတည်းက ပူတာအိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကောင်စီ တပ်များ၏ ထောက်ပို့ လမ်းကြောင်း ဖြစ်သည့် မြစ်ကြီးနား - ပူတာအို ပြည်ထောင်စု လမ်းပိုင်းကို ဖြတ်တောက် ထားသည်။

ယခုတိုက်ပွဲ ဖြစ်နေသော လုံရှာယာန်ကျေးရွာနှင့် ဖတ်မာကျေးရွာ နေရာများသည် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဖြစ်ပြီး KIA တပ်ရင်း (၁၀) စစ်ရေး လှုပ်ရှားသည့် နယ်မြေများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required