နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဖေဖော်ဝါရီ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဖေဖော်ဝါရီ ၂၀၂၂ )

အမျိုးသားညီညွတ်ရေးအစိုးရ

· ရန်ကုန်တိုင်းအတွင်းက နွေဦးတော်လှန်ရေးကာလတွင် ကျဆုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာရသူများ၊ မတရား ဖမ်းဆီးထောင်ချခံရသူများ၊ အသက်အိုးအိမ်စည်းစိမ်များ ထိပါးစော်ကားနှောက်ယှက်ခံရသူများ အားလုံး ၏ နစ်နာမှုများအပေါ် မှတ်တမ်းတင်နိုင်ရေး နှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRYH) က ဖေဖော်ဝါရီ (၁၂)ရက်တွင် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များကို အသိပေးရှင်းလင်းရာတွင် ပြောသည်။

· ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခွန်တံဆိပ်ခေါင်း (၅) မျိုးကို ထုတ်ဝေရောင်းချမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ဖေဖော်ဝါရီ (၁၂) ရက်တွင် ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသများ အဖွဲ့ချုပ် ကျောင်းသားသမဂ္ဂများ ပူးပေါင်းပြီး “ တောရိုင်းဥပဒေ အခြေခံသည့် ပြည်ထောင်စုဝါဒ ဆန့်ကျင်ကြ ” ဘန်နာကိုင်ဆွဲကာ ၂၀၀၈ ခြေဥအောက်တွင် ပေါ်လာသည့် အတုအယောင် ပြည်ထောင်စုအလံကို မီးရှို့၍ ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင် သပိတ်မှောက်ခြင်းကို ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

· ဗကသများ အဖွဲ့ချုပ်၊ North Dagon Oppressed People Strike Coalition (NDOPSC) ၊ နွေဦးတပ်ပေါင်းစု အထွေထွေသပိတ်ကော်မတီတို့မှ “ ထောင်တွင်း တိုက်ပွဲကို ဝန်းရံကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ဖေဖော်ဝါရီ (၁၃)ရက်တွင် ရန်ကုန်မြို့ တစ်နေရာ၌ ချီတက်ဆန္ဒပြကြသည်။

· ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ ရောင်းချနေသည့် အရောင်းဆိုင်နှင့် စားသောက်ဆိုင်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်စွဲဖြင့် ဆိုင်နာမည်များနှင့်တကွ သတိပေး တောင်းဆိုစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်(၂) လမ်းမကြီးပေါ်ရှိ ရဲထောက်ပံ့ရေး ဌာနကြီးဝင်းအတွင်း ယမန်နေ့ ဖေဖော်ဝါရီ (၁၂) ရက်၊ ည (၈)နာရီခန့်က ဗုံးပစ်လောင်ချာဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ACPLF-အ.ဆ.ပ.လ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၂၅)ရပ်ကွက်၊မြိတ်လမ်း နှင့် ပုလဲရတနာလမ်းထောင့် (၂၅) ဘောလုံးကွင်းထောင့်အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ကင်းတဲအတွင်းသို့ ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ ည(၇)နာရီခန့်အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိနိုင်ကြောင်း တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး အင်အားစု (SSUG PDF) ထံမှ သိရသည်။

· ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၇၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့်ကေတုမတီလမ်းထောင့်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်နှင့်ဆိုင်ကို ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ ည (၉)နာရီခွဲခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freedom From Fear Youths (F2Y) က ပြောသည်။

· ရန်ကုန်မြို့လူစည်းကားရာနေရာတစ်ခု၌ လူငယ်များက ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ ညနေပိုင်းတွင် လမ်းပေါ်ထွက်ပြီး လက်သုံးချောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

· ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၏ စမ်းချောင်းမြို့နယ်ရှိ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီတပ်များက ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ နံနက်ပိုင်းတွင် လာရောက်ချိပ်ပိတ် သွားကြောင်း စစ်ချောင်းမြို့နယ်နေ ပြည်သူများက ပြောသည်။

· ရန်ကုန်မြို့တွင် တစ်လကျော်ကြာ ပျောက်ဆုံးနေသည့် နိုင်ငံရေးလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးအောင်သူ (တံတားနီ) သည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံထားရပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ၎င်း၏ မိတ်ဆွေများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ လက်ပံတောင်တောင်း ပင်မသပိတ်စစ်ကြောင်း နှင့် မုံရွာပင်မသပိတ် အဖွဲ့တို့ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံးရေး လမ်းမပေါ် သပိတ်ကို ယနေ့ ဖေဖော်ဝါရီ (၁၃) ရက်တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင် အရှေ့ခြမ်း နှင့် ဆားလင်းကြီး မြောက်ခြမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရက်ပေါင်း (၃၄၀) မြောက်နေ့ သပိတ်ကို ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ချီတက်ဆန္ဒထုတ်ဖော်ကြသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြ ချီတက်ခြင်းကို ဖေဖော်ဝါရီ (၁၃) ရက်တွင် ပြုလုပ်ခဲ့သည်။

· စစ်အာဏာရှင် အမြတ်ပြတ် ကျဆုံးရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး ကြွေးကြော်ကာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ တက်ကြွ ရဟန်းသံဃာ၊ ပြည်သူများ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီ (၁၃) ရက်တွင် လှည့်လည် ချီတက်ဆန္ဒပြကြသည်။

· “ ပင်လုံ ကတိကဝတ်အရင်းတည် ၊ ဖက်ဒရယ် ပြည်ထောင်စုသို့ ရဲရဲချီ ” ခေါင်းစဉ်ဖြင့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ နှင့် ပြည်သူများ ပူးပေါင်းပြီး ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင် ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ အခွန်ကောက်တိုးဂိတ်ကို ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ နံနက်(၁၁)နာရီကျော်ခန့်တွင် ရန်ကြီးအောင် ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင်(၃၇၁) ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့ကြသလို ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အနေဖြင့်လည်း ပဲပြုတ်နှင့်နံပြား ဝေဌခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်း ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ညနေ (၅)နာရီခန့်တွင် ဆိုင်ကယ်များ ဟွန်းတီးကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အဝိုင်းပတ်အနီး သီရိမင်္ဂလာ ခုံးကျော်တံတားပေါ်တွင် ဖေဖော်ဝါရီ (၁၂)ရက်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် “ ပြိုကျတဲ့အချိန်ရောက်မှ ငိုမပြနဲ့ ၊ စိုလက်စ သွေးတွေက မခြောက်သေး၊ ကြင်စိုး ခွေးဖြစ် 2022 ”စာတန်းချိတ်ဆွဲထားခဲ့ကြောင်း Sagaing Generation -Z ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာ(၃)ရွာပေါင်းသပိတ်စစ်ကြောင်းဖြင့် ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင် ပြုတ်ကျရေး ဖေဖော်ဝါရီ (၁၂)ရက်၊ ညနေပိုင်းတွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊စိုင်ပြင်မြို့ တစ်နေရာတွင် ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်က “ ခွေရူးကောင်းစား တစ်မွန်းတည့်၊ မွန်းတည့်ချိန်ထိ အသက်ရှင်ခွင့် မပြု ” စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လူထုသပိတ်စစ်ကြောင်းကလည်း ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ ညနေပိုင်းတွင် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကန်ချောင်းအုပ်စု၊ အောင်မိုးကျေးရွာကို ဖေဖော်ဝါရီ (၁၁)ရက်က အကြမ်းဖက် စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ နေအိမ်အလုံး(၂၀)ကျော် မီးလောင် ပြာကျခဲ့ရသည်ဟု အဆိုပါကျေးရွာဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ဝင်တို့ထံ ပို့ဆောင်ရန် ဖေဖော်ဝါရီ (၁၁)ရက်က ရေလမ်းမှ တစ်ဆင့် သယ်ဆောင်လာသော ကျပ်သိန်း(၁၀၀)ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး

မီးရှို့ခံရသည့် ကျေးရွာများသို့ ပြန်လည်ဝေမျှပေးခဲ့သည်ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း (၉) သင်တန်းဆင်း ကျမ်းကျိန်ပွဲကို ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ပြုလုပ်သည်။

· ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၇) နှစ်ပြည့် မွေးနေ့ နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်း ကြိုတင် အလေးပြုခြင်း အခမ်းအနားကို မန္တလေး သပိတ်အင်အားစု အဖွဲ့သားများက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလာတံခွန် ပန်းခြံအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကြိုတင်ပြုလုပ် ကျင်းပခဲ့ကြသည်။

· ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမှတ်တရအဖြစ် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY-PDF) ရဲဘော်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ကြောင်း သိရသည်။

· “စစ်အာဏာရှင် ကျဆုံးရေး”နှင့် “ပင်လုံကတိကဝတ် အရင်းတည် ဖက်ဒရယ် ပြည်ထောင်စုသစ် ရဲရဲချီ ” ခေါင်းစဉ်ဖြင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်သပိတ်ကို ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ နံနက်ပိုင်းတွင် သပိတ်မှောက် ဆန္ဒပြကြသည်။

· စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးအတွက် မိတ္ထီလာအခြေစိုက် တပ်မိသားစုများမှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ်(၂)သိန်းခွဲကို ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစုထံသို့ ပေးအပ်လှူဒါန်းလာကြောင်း WTRF က ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ထုတ်ပြန်ထားသည်။

· မန္တလေး၊ ပုသိမ်ကြီးမြို့နယ်ရှိ အေးရိပ်ငြိမ်(ကြာနီကန်) သုဿန်အတွင်းမှ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူများ၏ အုတ်ဂူမှတ်တိုင်အချို့မှ စာသားများ ဖျက်ဆီးခံရသည့် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေကြောင်း သိရသည်။

· မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၂၈) လမ်း (မဟာဗန္ဓုလမ်း)ပေါ်ရှိ အခွန်ရုံးကို ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ နေ့လယ်ပိုင်းက လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း Black Wolf PDF-MDY အဖွဲ့က ထုတ်ပြန်ထားသည်။

· ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန်အတွက် ဖယ်ခုံမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ နှင့် ဖယ်ခုံ PDF တပ်ခွဲ (၁)၊(၂)၊(၃) တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ (၁၁) ရက်နှင့်(၁၂)ရက်နေ့တို့တွင် မြေပြင်ကွင်းဆင်းပြီး လိုက်လံအသိပေးခဲ့ကြောင်း သိရသည်

· ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်(၇)မြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားတဲ့ ရှမ်းမြောက်ကာကွယ်ရေးအဖွဲ့၏ မွမ်းမံသင်တန်းကို ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ပြုလုပ်ခဲ့သည်။

· နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ထွေအုပ်ရုံး၊ ပြည်ခိုင်ဖြိုးရုံး နှင့် မြဝတီဘဏ်တို့တွင် ယမန်နေ့ ဖေဖော်ဝါရီ (၁၂) ရက်တွင် နေပြည်တော် မြို့ပြပြောက်ကျား မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးမှု ရှိကြောင်း စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

· ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီ နှင့် ပြည်သူလူထုပူးပေါင်းကာ ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး၊ လူမျိုးကြီး ဝါဒ ဟူသမျှ တိုက်ဖျက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပိုစတာများ ကိုင်စွဲကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

· မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဖက်ဆစ်စစ်တပ်အမြတ်ဖြတ်ရေး နှင့် အတုအယောင် ပြည်ထောင်စု အလိုမရှိဟု ပခုက္ကူပြည်သူများက ယနေ့ ဖေဖော်ဝါရီ(၁၂)ရက်တွင် ဆန္ဒထုတ်ဖော်ကြသည်။

· မကွေးတိုင်း၊ ပေါက်မြို့နယ်၊ကျအိုးကျေးရွာနေ မောင်ချမ်းအေးကို ဖေဖော်ဝါရီ (၁၁)ရက်က ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

· မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို လွမ်းဆွတ်သတိရခြင်းများစွာဖြင့် သွေးသစ္စာသီချင်းသီဆိုကာ ဂုဏ်ပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

· ချင်းပြည်နယ်နှင့်မကွေးတိုင်းအစပ်တွင် အင်အား (၃၀၀)ကျော် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ (၁၂) ရက်တွင် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးခန့် သေဆုံးကြောင်း YAW Defence Force က သတင်းထုတ်ပြန်ထားသည်။

· စစ်ကောင်စီကျင်းပသည့် ပြည်နယ်နှင့်တိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် မင်းတပ်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်သူများကို အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

· ပဲခူတိုင်း(အနောက်ပိုင်း)၊ သဲကုန်းမြို့နယ်ရှိ မြသိန်းတန် ဘုရားအနီး တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို သဲကုန်း PDF နှင့် ပဲခူး PDF တပ်ဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၅) ဦး သေဆုံးခဲ့ကြောင်း အဆိုပါ PDF တပ်ဖွဲ့များထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂသည် ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် “ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ ” ခေါင်းစဉ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ဆန္ဒပြခဲ့ကြသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်မြိုု့ ကျောင်းသားလူငယ်များက ယမန်နေ့ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် “ အတုအယောင် ပြည်ထောင်စု ဝါဒ အမြစ်လှန်ကြ ” ခေါင်းစဉ်နှင့်အတူ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အိမ်တွင်း ညသပိတ်ကမ်ပိန်းအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

· တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များက တယ်လီနောကို စစ်အုပ်စုလက်ဝေခံ Investcom ကုမ္ပဏီ (ရွှေဗျိုင်းဖြူ)ထံ ရောင်းချခြင်း မပြုရန်၊ သုံးစွဲသူ ပြည်သူများ၏ အချက်အလက်များကို အကြမ်းဖက် စစ်အုပ်စုထံ လွှဲပြောင်းပေးခြင်း မပြုရန် ဖေဖော်ဝါရီ (၁၂)ရက်တွင် တယ်လီနော၏ တာဝန်ရှိသူများထံ တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများသည် ဖေဖော်ဝါရီ (၁၂) ရက်၊ မနက်ပိုင်း စတင်ပြီး ဒုတိယအကြိမ်အဖြစ် အစာငတ်ခံ ဆန္ဒပြနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် နှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ (၁၉)ဦးကို ဖေဖော်ဝါရီ (၁၀) ရက် နှင့် (၁၂) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

· တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ မြို့နယ် ထွေအုပ်ရုံး အနီး နှင့် စရဖရုံးအနီးတွင် ယနေ့ ဖေဖော်ဝါရီ (၁၃) ရက်တွင် ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

· စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးက လွိုင်ကော် PDF ကို ဖေဖော်ဝါရီ (၉) ရက်နေ့က ငွေကျပ်လေးသိန်း လှူဒါန်းပေးအပ်ခဲ့သည်ဟု GZ-21 PDF (LOIKAW) ကထုတ်ပြန်ထားသည်။

· တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်တွင် တိုက်ပွဲဝင်နေသော KGZ-Army ထံသို့ ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဝယ်ယူထားသည့် ကျည်နှင့်စကားပြောစက်များ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

· စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်၊ ပကြဲကျေးရွာက အပြစ်မဲ့ ပြည်သူ(၂) ဦးကို မီးရှို့သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အမှုဖွင့်လှစ်ထားတယ်လို့ ကရင်နီပြည် ရဲဌာနက ဖေဖော်ဝါရီ (၁၁)ရက်တွင် ထုတ်ပြန်ထားသည်။

· မြဝတီမြို့တွင်း Local People Defense Force-LPDF များက “ အနိုင်ရဖို့ နီးစပ်နေတာကို ဘာကြောင့် သွေးအေးနေမှာလဲ” ခေါင်းစဉ်ဖြင့် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့တို့ တပ်စွဲထားသည့် မယ်ထောင်သလေးကျေးရွာ၌ ယမန်နေ့ ဖေဖော်ဝါရီ (၁၂) ရက်တွင် လူမဲ့သပိတ် ပြုလုပ်ခဲ့ကြသည်။

· ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ပြည်သူများ စုပေါင်း၍ ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်တွင် “ ၄၇ ပင်လုံ ကတိကဝတ်အား အကောင်အထည်ဖော်၍ စစ်မှန်သောပြည်ထောင်စုလောက နိဗ္ဗာန်တည်ဆောက်မည် ” ဟူသည့် ကြွေးကြော်သံဖြင့် နမ္မတီး ပြည်သူများက ပြည်ထောင်စုနေ့ သပိတ် ပြုလုပ်ခဲ့ကြသည်။

· မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာအနီး အာရှလမ်းမကြီးတွင် ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ မနက်ပိုင်းတွင် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး ပြည်သူများနှင့် တိုက်ရိုက်မိတ်ဆက်ခြင်း၊ လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက် အသင့်ရှိနေမည် ဖြစ်ကြောင်း ပြသခဲ့ပြီး ပြည်သူများနှင့် ခေတ္တတွေ့ဆုံခြင်း ပြုလုပ်ခဲ့သည်ဟု MSRU က ထုတ်ပြန်ထားသည်။

· မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ လေယာဉ်ကွင်းအနီးရှိ NUG၊ CRPH၊ PDF ထောက်ခံသည်ဆိုသည့် စားသောက်ဆိုင်နှင့်နေအိမ်အချို့ကို ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

· ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ကွင်းချောင်းလေး ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်မိသားစုပိုင် မိုင်တဲတာဝါတိုင် နှင့် ဆက်စပ်ပစ္စည်းများကို ဒေသကာကွယ်ရေး တပ်ဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ နံနက်(၂)နာရီခွဲခန့်က ဖောက်ခွဲ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

· မြန်မာနိုင်ငံရှိ ပြည်သူ (၁၈)သန်းကျော် သုံးစွဲနေသည့် တယ်လီနောကို အကြမ်းဖက် စစ်ကောင်စီ လက်ဝေခံ ကုမ္ပဏီကို ရောင်းချရန် အစီအစဉ်ကို အရပ်ဘက်အဖွဲ့ (၆၉၄) ဖွဲ့က လက်မှတ်ရေးထိုး ကန့်ကွက်လိုက်ကြောင်း သိရသည်။

· ပြည်သူ့တော်လှန်ရေး တပ်မတော် PRA ၊ PDF တပ်ရင်း(၁)၊ (၂) ရဲဘော်/ရဲမေများသည် ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၇) နှစ်မြောက် မွေးနေ့ကို တောတွင်းတစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

· အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့ရှိ မြန်မာစစ်ဘေးရှောင်များအတွက် အခမဲ့ ဆေးကုသပေးနိုင်ရန် MSU OPD ဆေးခန်းကို အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး CDM ဆရာဝန်များနှင့် ဖေဖော်ဝါရီ (၁၂)ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

· တောင်ကိုရီးယားနိုင်ငံ၊ ချန်းဝမ်မြို့တွင် ဒယ်ဂူဆရာတော်နှင့်အတူ တောင်ကိုရီးယားရောက် မြန်မာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ PDF ၊ CDM နှင့် NUG ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခြင်း နှင့် လမ်းလျှောက်ပွဲကို ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်တွင် ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များ

· နေပြည်တော်တွင် စစ်ကောင်စီ ကျင်းပသည့် ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင် အခမ်းအနားကို KNU တပ်မဟာ (၆) ဒူပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုရွှေမောင်း တက်ရောက်ခြင်းသည် KNU စေလွှတ်သည့် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခြင်း မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပြောသည်။

· လာမည့် ဖေဖော်ဝါရီ (၁၆)ရက်တွင် ကျရောက်မည့် မွန်အမျိုးသားနေ့တွင် ရုံး၊ အလုပ်၊ ကျောင်း မသွားကြဘဲ မွန်လူမျိုးများ၏ ကံကြမ္မာကို ဖန်တီးနိုင်ရေး မွန်အမျိုးသားနေ့ အခမ်းအနားကို ချီတက်ကြရန် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ ဖေဖော်ဝါရီ (၁၁)ရက်စွဲဖြင့် ထုတ်ပြန် တိုက်တွန်းထားသည်။

· ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသူ (၄၆) ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သော်လည်း နောက်ထပ် (၇၀) ဦးခန့် လွှတ်ပေးရန် ကျန်ရှိနေသေးသည်ဟု ရခိုင်အခြေစိုက် သတင်းဌာနတစ်ခု၏ ရေးသားဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီ

· ငြိမ်းချမ်းရေး ပန်းတိုင်ကို ဆွေးနွေးညှိနှိုင်း ဖြေရှာခြင်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆက်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ဖေဖော်ဝါရီ(၁၂)ရက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပြောသည်။

· စစ်ကောင်စီက ပြည်ထောင်စုနေ့တွင် နိုင်ငံတစ်ဝန်း အကျဉ်းသား(၈၀၀)ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် နိုင်ငံရေး အကျဉ်းသားတစ်စုံတစ်ဦးမျှ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

· ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် စစ်ကောင်စီ လက်အောက်ခံ YBS ခရီးသည်တင် ယာဉ်လိုင်းများကို ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ဖေဖော်ဝါရီ (၁၂)ရက်က စတင်ပြောင်းလဲ ပြေးဆွဲနေကြောင်း သိရသည်။

· ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ ပြည်ထောင်စုနေ့ တစ်ရက်တည်း ကိုဗစ်လူနာသစ် (၁၇၀၀) ကျော် စံချိန်တင် စစ်ဆေးတွေ့ရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

· ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီ (၁၄)ရက်မှ စတင်ပြီး (၅) ရက်ကြာ ယာယီပိတ်ထားမည်ဟု အဆိုပါဆေးရုံကြီးမှ အသိပေးကြေညာထားသည်။

· မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဘာသာရေးဆိုင်ရာ စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်မည်ဆိုပါက ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံပြီး ဆောင်ရွက်ရန် စစ်ကောင်စီခန့် မြို့နယ်သာသနာရေးမှူးက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၃ သုံးသပ်ချက်

· အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိန်ရတု ပြည်ထောင်စုနေ့ နှင့် ဗိုလ်ရှုသဘင် အခမ်းအနားကို ကျပ်သိန်းပေါင်း(၉)သောင်းကျော် အကုန်ကျခံပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းနေသယောင် ကျင်းပပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ အသိုင်းအဝိုင်းမှလွဲပြီး နိုင်ငံတကာ ရော မြန်မာပြည်သူများ၏ အဖက်လုပ်၊ အသိအမှတ်ပြုမှု မရခဲ့သည်ကို တွေ့ရသည်။ စစ်ခေါင်းဆောင်၏ မျှော်မှန်းချက်သည် မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့ဘဲ တိုင်းပြည်ဘဏ္ဍာ အလဟဿ ဖြုန်းတီး ပစ်ခဲ့သည်ဟု သုံးသပ်နိုင်သည်။

· ပြည်ထောင်စုနေ့တွင် နိုင်ငံတစ်ဝန်း အကျဉ်းသား(၈၀၀)ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်လည်း နိုင်ငံရေး အကျဉ်းသားတစ်စုံတစ်ဦးမျှ ပါဝင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် ပြောဆိုနေသော်လည်း စစ်ကောင်စီ၏ လုပ်ဆောင်ချက်သည် အပြောနှင့်လက်တွေ့ တစ်ခြားစီ ဖြစ်နေသည်ကို တွေ့ရသည်။

· စစ်တပ်က အာဏာသိမ်းယူသည့် နေ့ကတည်က ယနေ့ထိဆိုရင် နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် မတရားဖမ်းဆီးခံရသူ ၊ အကျဉ်းကျခံနေရသူ စုစုပေါင်း (၉) ထောင်ကျော် ရှိနေပြီး စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ (၁၅၀၀)ကျော် ရှိနေပြီဟု AAPP အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီက ဖမ်းဆီးမှုတွေ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ နေ့စဉ် ဆက်တိုက်လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နည်းလမ်းအမျိုးမျိုးနှင့် ဆက်လက်အားကောင်းနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required