ပွင့်ဖြူမြို့နယ်တွင် ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီ စည်းရုံး

ပွင့်ဖြူမြို့နယ်တွင် ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီ စည်းရုံး

ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီက ပင်စင်စား ရဲဝန်ထမ်းဟောင်းများကို စုစည်းကာ ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း ရဲဝန်ထမ်းဟောင်း တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပင်စင်စား ရဲဝန်ထမ်းဟောင်းများကို ဇန်နဝါရီလ အစမှ စတင်ကာ နေအိမ်အထိ လိုက်လံ စည်းရုံး ခေါ်ဆောင်နေပြီး ပွင့်ဖြူမြို့မရဲစခန်း အတွင်း နေ့စဉ် အလှည့်ကျ တွေ့ဆုံကာ ကိုယ်ရေး အချက်အလက် ဖြည့်ခိုင်းခြင်းနှင့် ဓာတ်ပုံ ရိုက်ယူခြင်းများ လုပ်ဆောင်နေကြောင်း ဆိုသည်။

"ရဲမှုထမ်းဟောင်းတွေ ဖွဲ့စည်းဖို့ရှိလို့ ရဲစခန်းကို လာခဲ့ပါဆိုပြီး ခေါ်တယ်၊ ကျွန်တော်ကတော့ လုံးဝ မဝင်ဘူး၊ အဖွဲ့ ဖွဲ့ထားရုံဘဲ ဘာမှ မလုပ်ခိုင်းပါဘူးလို့ ပြောတယ်။ တစ်ချို့ကတော့ သွားကြတယ်၊ ကျွန်တော့် စိတ်ထင်တော့ အခုလို ဖွဲ့တာက စခန်းတွေက လူငယ်လူရွယ်တွေကို အပြင်ထုတ်ပြီးတော့ ကျွန်တော်တို့ အသက်ကြီးတဲ့ သူတွေကို စခန်းစောင့် တာတွေ ဘာတွေ လုပ်ခိုင်းမယ် ထင်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်နေ ရဲဝန်ထမ်းဟောင်း တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း မြောင်းမြမြို့တွင်လည်း ယခုရက်ပိုင်း အတွင်း ပင်စင်စား ရဲဝန်ထမ်းဟောင်းများကို လိုက်လံ စုစည်းနေပြီး မြေပြင်သတင်းပေးနှင့် တပ်ဖွဲ့ အရန်အင်အားအဖြစ် တာဝန် ထမ်းဆောင်ရန် စည်းရုံးနေကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required