ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် CDM ဝန်ထမ်း ပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်​နေရ

ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် CDM ဝန်ထမ်း ပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်​နေရ

ဖေဖော်ဝါရီ ၁၁

ရန်ကုန် မင်္ဂလာဒုံ​လေဆိပ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စင်္ကာပူထွက်မည့် CDM ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံလိုက်ရပြီး လက်ရှိတွင် ပုဒ်မ ၅၀၅(က) ဖြင့်တရားရင်ဆိုင်​နေရ​ကြောင်း သိရသည်။

အဆိုပါ CDMဝန်ထမ်းမှာ ​တောင်ကြီးမြို့ စားသုံးသူ​ရေးရာဦးစီးဌာနမှ အကြီးတန်းစာ​ရေး ကို​စော​နွေဝင်းဆိုသူဖြစ်ပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၈ရက်​နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်​ကြောင်း ၎င်း၏ဖခင် ဦးသိန်း​ဇော်က အတည်ပြုသည်။

"သူက ​စင်္ကာပူထွက်ဖို့ကို လေယာဥ်​ပေါ်အတက် အဲ့ဒီမှာ အဖမ်းခံလိုက်ရတာ"ဟု ၎င်းက​ပြောသည်။

လက်ရှိတွင် ကို​စော​နွေဝင်းမှာ ​တောင်ကြီးမြို့ အမှတ် (၂)ရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး ၎င်း၏ သ​ဘောဆန္ဒအရ ​ရှေ့​နေငှားရမ်းထားခြင်းမရှိ​ကြောင်းအမှုကို လိုက်ပါကူညီ​ဆောင်ရွက်​ပေး​နေသူတစ်ဦးက​ပြောသည်။

"ပြီးခဲ့တဲ့ တစ်ပတ်က ​မေးကြည့်​သေးတယ်၊ အမိန့်​တော့ ချ​တော့မယ်လို့​တော့​ပြောတယ်၊ ဒါ​ပေမယ့် ရဲနားကို​မေးကြည့်​တော့ သူမြန်မြန် ဝန်ခံရင်​တော့ မြန်မြန်ပြီးမယ်၊ ဝန်မခံရင်​တော့ ကြာမယ် အဲ့ဒီလို​တော့ ​ပြောတယ်။ ဒါ​ပေမယ့် ဘာ​တွေ စစ်လဲလို့​တော့ မသိဘူး​ပေါ့"ဟု ၎င်းက ဆိုသည်။

ကို​​စော​နွေဝင်း၏ မိသားစုမှာ လွိုင်​ကော်မြို့ မှုန်ပြာ​ကျေးရွာတွင် ​နေထိုင်ပြီး စိုက်ပျိုး​ရေးကိုသာ အဓိကထားလုပ်ကိုင်​နေကာ လွိုင်​ကော်တွင် တိုက်ပွဲဖြစ်ပွား​သည့်အတွက် စစ်​​ဘေး​ရှောင်​နေရ​ဆဲဖြစ်ကြောင်း သိရသည်။

ထို့​ကြောင့် ကို​စော​နွေ​ဝင်း အဖမ်းခံရချိန်မှ လက်ရှိအချိန်ထိ သွား​ရောက်မ​တွေ့ဆုံနိုင်​​သေးဘဲ အမှုလိုက်ပါ​ကူညီ​ဆောင်ရွက်​ပေး​နေသူမှတစ်ဆင့် သတင်းစုံစမ်း​နေရ​ကြောင်း ဦးသိန်း​ဇော်က​ပြောသည်။

"သားနဲ့​တော့ သွား​တွေ့ချင်တယ်။ သွား​တွေ့ဖို့ စရိတ်ကမလုံ​လောက်​တော့ ဒီမှာ စစ်​ပြေး​နေရတယ်ဗျ။ စစ်တအားဖြစ်​တော့ စစ်​ပြေးပြီး အင်း​လေး​ဒေသဖက်​ရောက်​နေတယ်ဗျ"ဟု ၎င်းက​ပြောသည်။

ကို​စော​နွေဝင်းသည် တောင်ကြီးတွင် ဝန်ထမ်းအဖြစ် သွားရောက်လုပ်ကိုင်​​နေသည်မှာ လေးနှစ်ရှိပြီဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီး​နောက် CDMဝင်​ရောက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီး​နောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြသည့် အစိုးရဝန်ထမ်းများကို စစ်​ကောင်စီက အလုပ်ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာမှ နှင်ချခြင်းနှင့် NLDအစိုးရလက်ထက်က ​ချေး​ပေးခဲ့သည့် ​ချေး​​ငွေများပြန်လည်​တောင်းခံခြင်းတို့ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly