NUG ၊ PDF တို့၏ လုပ်ဆောင်ချက်များကို တိုက်ဖျက်ပေးရေး စစ်ကောင်စီက အင်တာပိုထံ အကူအညီတောင်းသော်လည်း ငြင်းပယ်ခံရ

NUG ၊ PDF တို့၏ လုပ်ဆောင်ချက်များကို တိုက်ဖျက်ပေးရေး စစ်ကောင်စီက အင်တာပိုထံ အကူအညီတောင်းသော်လည်း ငြင်းပယ်ခံရ
Photo - AFP

ဖေဖေါ်ဝါရီ ၁၀

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံများ၏ လုပ်ဆောင်ချက်များကို ရင်ဆိုင်တိုက်ဖျက်ရန်အတွက် အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ ထံမှ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

အင်တာပိုကို အကူအညီ တောင်းထားကြောင်း အာဏာသိမ်းစစ်တပ်က ကြေညာပြီးနောက် ရက်ပိုင်းအကြာတွင် အင်တာပိုက ယင်းအနေဖြင့် ပြည်တွင်းနိုင်ငံရေး ပါဝင်ပတ်သက်နေသည့် အခြေအနေများဖြင့် ရှိနေသော နိုင်ငံများကို အကူအညီပေးသွားမည်မဟုတ်ဟု ဖေဖေါ်ဝါရီ ၁၀ ရက်တွင် ပြောခဲ့သည်။

NUG အပါအဝင် အတိုက်အခံများ၏ လုပ်ဆောင်ချက်များကို “အကြမ်းဖက်မှု” အဖြစ် ရည်ညွှန်းစွပ်စွဲရင်း ထိုလုပ်ဆောင်ချက်များကို တိုက်ဖျက်ရာတွင် ပါဝင်ကူညီလုပ်ဆောင်ပေးရေးအတွက် နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများကို တောင်းဆိုထားကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၈ ရက်တွင် ပြောခဲ့သည်။

ထူးခြားအခြေအနေများမှလွဲပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကိစ္စရပ်များ သို့မဟုတ် လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးမည် မဟုတ်ဟု အင်တာပို ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNA သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရင်း ပြောဆိုခဲ့သည်။

သို့ရာတွင် အင်တာပိုက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာတွင် “အင်တာပိုအနေနဲ့ မိမိတို့ အဖွဲ့အစည်းကို ပြည်တွင်းနိုင်ငံရေးတွေ ပါဝင်ပတ်သက်နေတဲ့ အခြေအနေတွေအောက် ရောက်ရှိသွားနိုင်တဲ့ ဘယ်လို ပန်ကြားချက်ကိုမဆို အကူအညီ ပေးသွားဖို့ မရှိပါဘူး။ အာဏာသိမ်းမှုဖြစ်ထားတဲ့ အခြေအနေမှာ ဒါမှမဟုတ် နိုင်ငံရေးအတိုက်အခံတွေ၊ အစိုးရတစ်ရပ်ကို ဝေဖန်သူတွေအတွက် ပန်ကြားတောင်းဆိုတဲ့ အကြောင်းကြားချက်တွေလိုမျိုးပေါ့” ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၈ ရက်က ရန်ကုန်တွင် နိုင်ငံခြားသံတမန်များနှင့် ကုလအရာရှိများကို သံတမန်ရေးရာ ရှင်းလင်းပြောဆိုပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့သည် အပြစ်မဲ့ အရပ်သားများနှင့် အစိုးရဝန်ထမ်းများကို သတ်ခြင်း၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် လမ်းတံတားများကဲ့သို့ ပြည်သူပိုင်အဆောက်အအုံများကို ဖျက်ဆီးခြင်း ကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဝဏ္ဏမောင်လွင်က စွပ်စွဲခဲ့သည်။

ထို့ပြင် NUG ၊ CRPH နှင့် PDF တို့ကို ရှုတ်ချပြစ်တင်ရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့များ၊ အာဆီယံရဲအဖွဲ့ (ASEANPOL) နှင့် အင်တာပို တို့ထံ အကြောင်းကြားထားကြောင်းနှင့် “အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် အပြုသဘောဆောင် ပူးပေါင်းကူညီပေးရေး” တောင်းဆိုထားကြောင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required