Evergreen Marine ကုမ္ပဏီက မြန်မာစစ်တပ်ပိုင်ဆိပ်ကမ်းများ အသုံးပြုမှုကို ရပ်ဆိုင်း

Evergreen Marine ကုမ္ပဏီက မြန်မာစစ်တပ်ပိုင်ဆိပ်ကမ်းများ အသုံးပြုမှုကို ရပ်ဆိုင်း

ဖေဖေါ်ဝါရီ ၉

ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ရေကြောင်း ကုန်စည်ပို့ဆောင်မှု ကုမ္ပဏီဖြစ်သည့် ထိုင်ဝမ်အခြေစိုက် Evergreen Marine က ယင်းအနေဖြင့် ရန်ကုန်ရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ပိုင် ထီးတန်းဆိပ်ကမ်းကို အသုံးပြုပြီး ကုန်တင်ကုန်ချလုပ်တော့မည် မဟုတ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် Burma Campaign UK ထံ အသိပေးအကြောင်းကြားခဲ့သည်ဟု သိရသည်။

မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းကို အသုံးပြုမှုအတွက် မြန်မာနိုင်ငံတွင် စစ်တပ် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်နွယ်ပတ်သက်သည့် “dirty list” ကုမ္ပဏီများစာရင်းတွင် ၂၀၂၀ မေလက Evergreen လည်း ထည့်သွင်းခံခဲ့ရသည်။ ယင်းကို ယခုအခါ ဖယ်ရှားထားလိုက်ပြီ ဖြစ်သည်။

မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းများကို ရှောင်ကြဉ်သည့် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများထဲတွင် ယခုနောက်ဆုံး Evergreen လည်း ပါဝင်လာခြင်းဖြစ်ပြီး ယင်းမတိုင်မီ ၂၀၂၀ အောက်တိုဘာလကလည်း အခြားသော ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Maersk ကလည်း မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချလုပ်တော့မည်မဟုတ်ဟု ထုတ်ဖော်ထားခဲ့ပြီးဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းစုများက ရန်ကုန်တွင် ဆိပ်ကမ်းသုံးခု ပိုင်ဆိုင်ပြီး ယင်းတို့မှာ ထီးတန်းဆိပ်ကမ်း၊ အလုံ နိုင်ငံတကာ ဆိပ်ကမ်းနှင့် TMT ဆိပ်ကမ်းတို့ ဖြစ်သည်။

“စစ်တပ်ပိုင် ဆိပ်ကမ်းတွေ အသုံးပြုမှု ရပ်ဆိုင်းတဲ့ အဲဗားဂရင်းရဲ့ ဆုံးဖြတ်ချက်ကို အထူးတလည် ကြိုဆိုပါတယ်။ ဒါဟာ စစ်တပ်အတွက် ဝင်ငွေရင်းမြစ်တစ်ခု လျော့သွားတာပဲဖြစ်ပါတယ်” ဟု Burma Campaign UK ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် မာ့ခ် ဖာမန်နာက ပြောသည်။ “အဲဗားဂရင်းဟာ အရွယ်အစားကြီးမားပြီး ဈေးကွက် ဦးဆောင် ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းတွေ အသုံးပြုဖို့ ငြင်းဆန်လိုက်ပါပြီ။ မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းတွေကို အသုံးပြုတဲ့ ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီငွေကြေးထောက်ပံ့ပေးနေတာပဲဖြစ်တယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required