မဟာအောင်မြေတွင် စစ်ကောင်စီတပ်က လူ ၁၀ ဦး ဖမ်းဆီး

မဟာအောင်မြေတွင် စစ်ကောင်စီတပ်က လူ ၁၀ ဦး ဖမ်းဆီး

ဖေဖော်ဝါရီ ၉

စစ်ကောင်စီလက်နက်ကိုင်များသည် ယနေ့နံနက်ပိုင်းက၊ မန္တလေး မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်အားပိတ်ဆို့ပြီး၊ တစ်အိမ်တက်ဆင်းဝင်ရောက်မွှေနှောက်ကာ လူ ၁၀ ဦးထက်မနည်းအားဖမ်းဆီးသွားသည်။

"မနက်မိုးမလင်းခင်ကတည်းက တစ်ရပ်ကွက်လုံးကိုပိတ်ပြီး၊ အိမ်ပေါက်စေ့ဝင်မွှေတယ်၊ လူစာရင်းတောင်းတယ်။ သူတို့ဆီကစာရင်းနဲ့တိုက်ကြည့်တယ်၊ ​ဘေးအိမ်တစ်အိမ်တော့အိမ်ထဲအထိဝင်မွှေလို့ စကားအချေအတင်ပြောသံကြားလိုက်တယ်။ ဘာမှတော့ပြဿနာဖြစ်မသွားဘူး၊ စစ်ကားတွေပေါ်မှာတော့ ဖမ်းထားတဲ့လူလေးငါးယောက်လောက်တွေ့တယ်" ဟု သံလျက်မှော်အနောက်ရပ်ကွက် တောင်ငံပြာရည်စုရပ်နေထိုင်သူတစ်ဦးကပြောသည်။

ယနေ့နံနက် ၅ နာရီခန့်ကစတင်သော လူဖမ်းပွဲသည် ဖေဖော်ဝါရီ ၇ ရက်နေ့ကဖြစ်ပွားခဲ့သည့်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ တောင်ငံပြာရည်စုရပ်ထဲက စစ်ကောင်စီသတင်းပေးသေနတ်ပစ်ခံရမှုနှင့်ဆက်စပ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

" ရပ်ကွက်ကိုအသားလွတ်မဲတာပါ၊ ဒလန်ပေးတဲ့စာရင်းထဲကနာမည်တွေနဲ့လိုက်စစ်ပြီးလူဖမ်းပွဲလုပ်နေတာ မနေ့ကညကတည်းက" ဟု ဒေသခံတစ်ဦးကပြောသည်။

ရပ်ကွက်တွင်းနေအိမ်တစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဝင်ရှာပြီး မတွေ့သည့်အခါ အိမ်သားများကိုဖမ်းဆီးခေါ်ဆောင်သွားမှုလည်းရှိကာ လက်ရှိတွင် အထက်တန်းကျောင်း (၂၄) အတွင်း စစ်ကောင်စီလက်နက်ကိုင်များတပ်ဆွဲထားသည်။

ရပ်ကွက်အတွင်းဝင်ရောက်မွှေနှောက်ခဲ့သည့်စစ်ကောင်စီလက်နက်ကိုင်များသည်စစ်ဆေးပြီးနေအိမ်များအား စစ်ဆေးပြီးကြောင်းမှတ်တမ်းအဖြစ် ဆေးမှုတ်အမှတ်အသားပြုလုပ်ခဲ့ပြီး၊ ခြိမ်းခြောက်ပြောဆိုခြင်းများလည်းပြုလုပ်သွားကြောင်းလည်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly