မြန်မာအာဏာသိမ်းစစ်တပ်နှင့် လက်တွဲဖြုတ်ရန် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီကို HRW တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်တပ်နှင့် လက်တွဲဖြုတ်ရန် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီကို HRW တိုက်တွန်း

ဖေဖေါ်ဝါရီ ၉

ဂျပန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Yokogawa Bridge Corp. အနေဖြင့် မြန်မာအာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းစုတစ်စုနှင့်အကြား လုပ်ငန်းတွဲဖက် လုပ်ကိုင်မှုကို အဆုံးသတ်သင့်ပြီဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) က ဖေဖေါ်ဝါရီ ၉ ရက်တွင် တိုက်တွန်းလိုက်သည်။

Yokogawa ကုမ္ပဏီသည် ဖေဖေါ်ဝါရီ ၂ ရက်က HRW ၏ စာတစ်စောင်ကို တုံ့ပြန်ခဲ့ရာတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့်အကြား ယင်း၏ လုပ်ငန်းတွဲလုပ်ကိုင်မှု အခြေအနေကို ထုတ်ဖော်ရန် ငြင်းဆန်ခဲ့ပြီး စီးပွားရေးသဘောတူညီချက်များနှင့်ပတ်သက်ပြီး မှတ်ချက်မပေးကြောင်း ပြောခဲ့သည်။

မြန်မာစစ်တပ်သည် ယမန်နှစ် ဖေဖေါ်ဝါရီလက အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့များ၏ လက်ချက်ကြောင့် ကလေးငယ် ၁၀၀ ခန့် အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁,၅၀၀ ဦးကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

ယင်းအတွက်ကြောင့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာအာဏာသိမ်းစစ်တပ်၏ လုပ်ငန်းများနှင့် ဆက်ဆံပတ်သက်မှုများ ရပ်ဆိုင်းဖျက်သိမ်းသင့်ကြောင်း HRW က ပြောသည်။

“တကယ်လို့ ယိုကိုဂါဝါ တံတားတည်ဆောက်ရေး ကော်ပိုရေးရှင်း အနေနဲ့ အဲဒီလောက် ဘာမှ မလုပ်ရသေးဘူးဆိုရင် ယင်းအနေနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ကို အကျိုးဖြစ်ထွန်းစေမှု မရှိစေဘဲနဲ့ MEC နဲ့ ပတ်သက်မှုကို အမြန်ဆုံး ရပ်ဆိုင်းသင့်ပါတယ်” ဟု HRW ၏ အာရှ ပရိုဂရမ်ဆိုင်ရာ အရာရှိ တက်ပိုင် ကာဆိုင်က ပြောသည်။

“အဲဒီလိုမှ မဟုတ်ရင်တော့ ယင်းအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ကူညီငွေကြေးထောက်ပံ့ပေးသလိုဖြစ်နေလိမ့်မှာ ဖြစ်ပြီး ယင်းရဲ့ နာမည်ဂုဏ် ထိခိုက်မယ့် အန္တရာယ်လည်း ရှိနေပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

ဂျပန်၏ Yokogawa Bridge Holdings Corp., က အပြည့်အဝ ပိုင်ဆိုင်သော လက်အောက်ခံကုမ္ပဏီဖြစ်သည့် Yokogawa Bridge Corp., သည် ၂၀၁၄ ခုနှစ် မတ်လက MEC နှင့်အကြား MoU တစ်ရပ် လက်မှတ်ထိုးခဲ့ကြောင်း ၂၀၁၅ ဝင်ငွေအရစာရင်း စာရွက်စာတမ်းတစ်ရပ်အရ သိရသည်။

MEC သည် ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ပြီး စစ်ထောက်ချုပ်ရုံးက ထိန်းချုပ်သည့် လုပ်ငန်းစုတစ်စုဖြစ်ပြီး ယင်းက မြန်မာ၏ အကြမ်းဖက်စစ်တပ်အတွက် “တိုက်ရိုက်ဝင်ငွေရင်းမြစ်တစ်ခု” ဖြစ်သည်။

စာရွက်စာတမ်းအရ Yokogawa Bridge သည် MEC ကို သံမဏိထုတ်လုပ်သူလုပ်ငန်းတစ်ခု ဖြစ်စေရေး ကူညီပျိုးထောင်လုပ်ကိုင်ပေးနေပြီး တချိန်တည်းမှာပင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

MEC အတွက် Yokogawa Bridge Corp က ပေးအပ်သည့် လုပ်ငန်းခွင် လေ့ကျင့်သင်ကြားမှုကနေတဆင့် နည်းပညာလွှဲပြောင်းမှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့ပြီး ယင်းတွင် “ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေး မြှင့်တင်ရေး ဆောင်ရွက်ချက်များ” နှင့် “ဆောက်လုပ်ရေး စက်မှုပညာဆိုင်ရာ နည်းပညာလမ်းညွှန်မှု” တို့လည်း ပါဝင်ကြောင်း သိရသည်။

Yokogawa Bridge Corp သည် ၂၀၁၅ ဇူလိုင်တွင် ရန်ကုန်၌ ရုံးတစ်ခု ဖွင့်လှစ်ခဲ့ပြီး ယင်းသည် “သတင်းအချက်အလက် စုဆောင်းရယူခြင်းနှင့် နည်းပညာလွှဲပြောင်းမှု” အတွက် အခြေစိုက်နေရာတစ်ခုအဖြစ် ဆောက်ရွက်ခြင်းဖြစ်ကြောင်း ဂျပန်ကုမ္ပဏီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required