စစ်တပ်က အိမ်များမီးရှို့ပြီး ဆန်များအား အက်စစ်နှင့်ဆပ်ပြာမှုန့်များရောကာ ဖျက်ဆီးသွား၍ စစ်ဘေးရှောင် ၁၅၀၀ ခန့် အကူအညီ လိုအပ်နေ

စစ်တပ်က အိမ်များမီးရှို့ပြီး ဆန်များအား အက်စစ်နှင့်ဆပ်ပြာမှုန့်များရောကာ ဖျက်ဆီးသွား၍ စစ်ဘေးရှောင် ၁၅၀၀ ခန့် အကူအညီ လိုအပ်နေ

ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်ရှိ ညောင်ပင်သာကျေးရွာအား စစ်ကောင်စီတပ်များ ဝင်ရောက် မွှေနှောက် ဖျက်ဆီးကာ နေအိမ်များရှိ ဆန်များထဲတွင် အက်စစ်နှင့် ဆပ်ပြာမှုန့်များ ရောနှော ဖျက်ဆီးသွားကြောင်း သိရသည်။

ဇန်ဝါရီလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တွင် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ညောင်ပင်သာရွာအား စစ်ကောင်စီတပ်များ ဝင်ရောက် မွှေနှောက် ဖျက်ဆီးကြခြင်း ဖြစ်သည်။

“ရွာထဲမှာ စစ်သားတွေ တစ်ညအိပ် နှစ်ရက်လောက် နေထိုင်သွားတယ်၊ ရွာမှာရှိတဲ့ ကြက်ဝက်တွေ သတ်စား ကြတယ်၊ နေအိမ်တွေ ဖျက်ဆီးတယ်၊ ဆီပုံးတွေ ရေခဲသေတ္တာတွေ ရိုက်ခွဲတယ်၊ ရေပိုက်တွေဖောက် ရေကန်တွေ ရိုက်ခွဲတယ်၊ ဆိုင်ကယ်တွေ ပတ်စီး လမ်းမတွေပေါ်မှာ ပစ်ထားတယ်၊ ကျန်ခဲ့တဲ့ ပဲတွေ ဆန်တွေထဲကို ဘက်ထရီအိုးတွေထဲက အက်စစ်တွေ ဆပ်ပြာမှုန့်တွေနဲ့ ရောပြီးထားခဲ့တယ်” ဟု ညောင်ပင်သာကျေးရွာသား တစ်ဦးက ပြောသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းသည် မြိုင်နယ်မှ ထွက်လာကာ ပုလဲမြို့နယ်ရှိ မွေ့တုံကျေးရွာ၊ ပန်းရွာ၊ လှော်ကားကျေးရွာများအား ထပ်မံ၍ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကြပြန်သည်။

ထိုသို့ မီးရှို့ခံရရာ မွေ့တုံကျေးရွာတွင် ၁၉၉ အိမ်၊ ပန်းရွာတွင် ၁၇၅ အိမ်၊ လှော်ကားကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်အား မီးရှို့ဖျက်ဆီး သွားကြခြင်း ဖြစ်သည်။

“ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ခင်းမှာ မွေ့တုံရွာကို ရောက်လာတယ်၊ ည ၈ နာရီမှာ မွေ့တုံရွာကို စပြီး မီးရှို့ကြတယ်၊ ကျွန်တော်တို့ ပန်းရွာသားတွေလည်း ထွက်ပြေးကြရတာပေါ့၊ ည ၁၂ နာရီလောက်မှာ ပန်းရွာကို ထပ်ရောက်လာကြပြီး အကုန်လုံး မီးရှို့ကြပြန်ရော၊ ခုနေအိမ်တွေ ပြာကျကုန်ပြီ” ဟု ပြာကျနေသည့် နေအိမ်ရှေ့တွင် ပန်းရွာသားတစ်ဦးက စစ်ကောင်စီ တပ်သားများ မီးရှို့ကြပုံကို ပြန်ပြောပြသည်။

မီးလောင်ထားသည့် စက်ဘီး ဆိုင်ကယ်နှင့် အိမ်တိုင် ငုတ်တိုလေးသာ ကျန်နေသည့် မြင်ကွင်းကိုလည်း ပြည်သူများ ပေးပို့လာသည့် ရုပ်သံဖိုင်ထဲတွင် တွေ့ရသည်။

မီးရှို့ခံရသည့် ယခုအချိန်သည် တောင်သူများ စိုက်ပျိုးသီးနှံ ရိတ်သိမ်းပြီးချိန် ဖြစ်ရာ စပါးကျီများထဲ သိုလှောင်ထားသည့် သီးနှံများပါ ပျက်စီးဆုံးရှုံး ခဲ့ကြရသည်။

ထို့အပြင် ခြံထဲတွင် ရှိနေသည့် ခိုင်းနွားနှင့် ကြက်ဝက်များလည်း မီးလောင်သည့်အထဲ ပါသွားခဲ့ရသည်ဟု ပန်းရွာမှ လယ်သမား တစ်ဦးက ပြောသည်။

ပန်းရွာ မီးရှို့ခံရသည့် ဖြစ်စဉ်အား စစ်တပ်ပိုင် ရုပ်မြင်သံကြား ဖြစ်သည့် မြဝတီရုပ်သံတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ မီးရှို့ကြသည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မဟုတ်မမှန် ဝါဒဖြန့်ထားသည်ကိုလည်း တွေ့ရသည်။

“အဲ့ဒီတုန်းက မပြေးနိုင်တဲ့ အဖိုးအဘွားတွေ ကျန်ခဲ့တယ်၊ သူတို့ကို စစ်သားတွေက အပြင်ဆွဲထုတ်ပြီး အိမ်တွေကို မီးရှို့ကြတယ်ဆိုတာ ပြန်ပြောပြကြသလို ကျွန်တော်တို့ ကိုယ်တိုင်လည်း ရွာနဲ့ မနီးမဝေးက တောင်ကုန်းတွေပေါ်ကနေ လှမ်းမြင်နေရပါတယ်” ဟု စစ်ကောင်စီ မဟုတ်မမှန် ဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း ပန်းရွာသားတစ်ဦးက တုံ့ပြန် ပြောဆိုသည်။

မီးလောင်ပြင်ကြားမှ လွတ်မြောက်ခဲ့သည့် အသက် (၆၀) ခန့် အဖွားတစ်ဦးက “ ဘေးနားက အိမ်ကို မီးလောင်တော့ အဘွားလည်း တုတ်တစ်ချောင်း ကိုင်ပြီး ​ဖြည်းဖြည်းခြင်း ရွှေ့ခဲ့ရတယ်” ဟု ထိုနေ့က ဖြစ်စဉ်ကို ပြန်ပြောပြသည်။

အဖွား၏ ညာဘက် ခြေဖနောင့်နှင့် ပေါင်တွင် မီးအနည်းငယ် လောင်ကျွမ်းခဲ့ပြီး ယင်းဒဏ်ရာကို ပြည်သူများ ပေးပို့လာသည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

လက်ရှိအချိန် ပန်းရွာ၊ မွေ့တုံ၊ လှော်ကားနှင့် ညောင်ပင်သာကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူ ၁၅၀၀ ခန့် စားဝတ်နေရေး ဒုက္ခရောက်နေကြသည်ဟု သိရသည်။

“ကျွန်တော်တို့နယ်က ရာသီဥတု အတော်အေးတယ်၊ ခုကတော့ စစ်ဘေးရှောင်တွေ တောထဲမှာပဲ တာလပတ်မိုးပြီး မြေကြီးပေါ်ပဲ နေနေရတယ်၊ ကျွန်တော်တို့တော့ အဖွဲ့မှာရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဆန်၊ ဆီ ဆားနဲ့ အနွေးထည် ဆေးပစ္စည်းတွေ ကူညီပေးနေပါတယ်” ဟု ဒေသအခြေစိုက် Shwe Darr Bo-Local People’s Defense Force ပြန်ကြားရေး တာဝန်ခံ ဗိုလ်မိုးခါးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်ရှိနေသော်လည်း တိုက်ခိုက်ရေးထက် စစ်ရှောင် ပြည်သူအရေးအား ဦးစားပေးနေရသည့် အတွက် လိုအပ်ချက်များကို ပြည်သူများ ဝိုင်းဝန်းကူညီပေးကြရန် ၎င်းက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required