ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်ကောင်စီ ချိပ်ပိတ်

ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်ကောင်စီ ချိပ်ပိတ်

ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းရှိ မိုးကုတ်ဝိပဿနာ မြဝတီစာသင်တိုက်အနီး ဝိဇိတာရာမတိုက် တေဇာလင်္ကါရကျောင်းကို ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်သွားကြောင်း သိရသည်။

“အဲ့ဒီကျောင်းက ဦးဇင်းတစ်ပါးကို ဖေဖော်ဝါရီလ ၄ရက်နေ့ ညနေလောက်က လာရှာတယ်လို့ကြားတယ်။ ဒီမနက်ရောက်တော့ ကားအသေးသုံးစီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေ၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ၊ အရပ်ဝတ်တွေနဲ့ အင်အား အယောက်၂၀ခန့်ရှိမယ် ရောက်လာကြပြီး ကျောင်းကိုချိပ်ပိတ်လိုက်ကြတယ် “ ဟု ဝိဇိတာရာမတိုက် တေဇာလင်္ကါရကျောင်း အနီးတွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါကျောင်းတွင် ဆရာတော် သုံးပါးသီတင်းသုံးနေထိုင်ခဲ့ခြင်း ဖြစ်ကာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်က လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော် သုံးပါးကိုလည်း ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ‌ကျောင်း အနီးရှိဆရာတော်တစ်ပါးက “လာရှာတဲ့ ဦးဇင်းတစ်ပါးကို မတွေ့တော့ ကျောင်းကဆရာတော်တွေကို ဖယ်ခိုင်းတယ်။ ပစ္စည်းတွေယူဆောင်သွားတာတော့ မရှိဘူး။ စက်တင်ဘာလ အတွင်းကလည်း တစ်ခါလာရှာသေးတယ် အဲ့ဒီတုန်းက ဆိုင်ကယ်၊ ကား ၊ အောက်စီဂျင်စက်နဲ့ ကျောင်းက ကျောင်းသားအချို့ကို ရဲစခန်းထဲမှာ ၉ရက်ကြာချုပ်ထားခဲ့တယ်။ “ဟုထပ်မံမိန့်ကြားသည်။

စစ်ကောင်စီတပ်ဖွဲ့က လာရှာသည့် ဆရာတော်အနေဖြင့် ဘေးအန္တရယ်ကင်းရှင်းကြောင်း ရင်းနှီးသည့် ဆရာတော်များက မိန့်ကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြိုင်ဇော်ဂျီတောရဘက်က ဦးဇင်းတစ်ပါးကို စစ်ကောင်စီတပ်က ကျောင်းအတွင်းသို့ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required