ဆောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး ကြံ့ခိုင်ရေးပါတီရုံး အပါအဝင် စစ်ကောင်စီလက်အောက်ခံရုံး ၇ ရုံး မီးရှို့ဖောက်ခွဲခံရ

ဆောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး ကြံ့ခိုင်ရေးပါတီရုံး အပါအဝင် စစ်ကောင်စီလက်အောက်ခံရုံး ၇ ရုံး မီးရှို့ဖောက်ခွဲခံရ
Photo- CJ (ဆောမြို့ရှိ ရုံးများမီးလောင်နေမှုကို ယနေ့နံနက်ပိုင်းက တွေ့ရစဉ်)

ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၄ ရက် နံနက်အစောပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး ကြံ့ခိုင်ရေးပါတီရုံး အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး အနည်းဆုံး ခုနစ်ရုံးခန့် ဗုံးဖောက်ခွဲခံရကာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်များက မဇ္ဈိမကို ပြောသည်။

ဆောမြို့နယ် မီးသတ်ဦးစီးဌာန၊ ကျေးလက်ရုံး၊မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ကြံ့ခိုင်ရေးရုံး၊ စည်ပင်ရုံးနှင့် G- 99 စားသောက်ဆိုင်များတွင် ဖေဖော်ဝါရီလ ၃ ရက် ည ၁၂ နာရီဝန်းကျင် အချိန်က စတင်ကာ ဆက်တိုက်ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။

“မနေ့ညသန်းခေါင်ယံက စတင်ပြီး ဆောမြို့မှာ အပြင်းစားပေါက်ကွဲမှုတွေဖြစ်ပြီး ရုံးတွေ မီးလောင်သွားတာပါ။ မနက် ၇ နာရီဝန်းကျင်အထိ မီးလောင်နေဆဲပါ။ ဆောမြို့အရှေ့ဘက်ခြမ်းမှာ ရှိနေတဲ့ CDM မပြုလုပ်တဲ့ ရုံးတွေအားလုံးကို ပစ်မှတ်ထားတယ်လို့လည်း သိရပါတယ်” ဟု ဆောဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ အဓိက ပစ်မှတ်ထား ဖောက်ခွဲမီးရှို့ခံနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရုံးများ ဖောက်ခွဲမီးလောင်ကျွမ်းမှုဖြစ်ပွားနေချိန် ယနေ့နံနက်ပိုင်းက ဆောမြို့မရဲစခန်းထဲကလည်း သေနတ်ပစ်ခတ်သံများ ကြားနေရသည့်အတွက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ဒေသခံများအပေါ် ဖိနှိပ်လာမည်ကို မြို့ခံများက စိုးရိမ်နေကြကြောင်းလည်း ပြောသည်။

ယင်းအပြင် ဆောမြို့နယ်၊ လောင်းရှည်ကျေးရွာတွင်လည်း ယနေ့နံနက် ၇ နာရီခန့်က စတင်ကာ ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ ဒေသခံတစ်ဦး ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရထားသည့်အတွက် ဆေးအကူအညီများ လိုအပ်နေကြောင်းလည်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly