လပွတ္တာမြို့ပေါ်သို့ ဈေးလာရောင်းသည့် ဈေးသည် ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်း

လပွတ္တာမြို့ပေါ်သို့ ဈေးလာရောင်းသည့် ဈေးသည် ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်း

ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ ရေပေါ်ဈေးနှင့် ကုန်းလေးဈေးတွင် မနက် ဈေးလာရောင်းသည့် ဈေးသည် ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသည့် ဈေးသည် တစ်ဦးနှင့် နီးစပ်သူက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လိန်ကျေးရွာ၊ လိပ်ကုန်းကျေးရွာနှင့် သဲဖြူကျေးရွာများမှ မနက်အစောပိုင်း ဈေးရောင်းချရန် မြို့ပေါ်သို့ တက်လာသည့် ဈေးသည်များကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ငွေကြေး တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမှာက လှေချိန် ရေချိန်နဲ့ တွက်ပြီးတော့ စောစောထပြီး အလုပ်လုပ်ရတာ၊ အရင်ကလည်း သွားလာပြီးတော့ လုပ်နေတာဘဲ၊ အဲ့ဒါကို အခုအသစ်ရောက်တဲ့သူက ပိုက်ဆံလိုချင်တာနဲ့ ဂွင်ဆင်တာနေမယ်၊ တစ်ယောက်ကို သုံးသောင်း ငါးသောင်း တောင်းတယ်၊ ဈေးဗန်းတွေထဲက သူတို့ လိုချင်တာတွေလည်း အကုန်ယူထား လိုက်တယ်၊ ဈေးလာရောင်းတော့ ပိုက်ဆံက ဘယ်ပါမလဲ၊ အဲ့ဒါကို အိမ်ကလူတွေ လာရွေးမှ ပြန်လွှတ်တယ်၊ အကုန်လုံး အရင်းပြုတ်ပြီး ဈေးပါ မရောင်းရတော့ဘူး၊ အရမ်းယုတ်မာတယ်” ဟု ဖမ်းဆီးခံရသူ ဈေးသည်တစ်ဦးနှင့် ရင်းနှီးသူက ရှင်းပြသည်။

လပွတ္တာမြို့တွင် အသစ်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဆိုသူသည် မြို့အတွင်း နေ့စဉ် မူးယစ်ရမ်းကားနေပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းကလည်း လမ်းဘေးတွင် မီးလှုံနေသည့် စိတ်ကျန်းမာရေး ချို့တဲ့နေသူ အမျိုးသမီးအား သွားရောက် ဆဲဆိုရာမှ အပြန်အလှန် ဆဲဆိုကာ ဝိုင်းဝန်း ရိုက်နှက်ခဲ့သောကြောင့် ယင်းအမျိုးသမီးကို လပွတ္တာဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကာ ဆေးဝါး ကုသနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required