မြင်းမူတွင် စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီးဟုဆို

မြင်းမူတွင် စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီးဟုဆို

ဇန်နဝါရီ ၂၇

စစ်ကိုင်းမြို့နယ်မှ မုံရွာသို့ အိမ်စီးကားဖြင့် ဆင်းလာသည့် စစ်ကောင်စီကား မိုင်းဆွဲ တိုက်ခိုက်ခံရကာ သုံးဦး သေဆုံးပြီး ကားတစ်စီး ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ည ၉ နာရီ မိနစ် ၄၀ တွင် စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာနှင့် ကန်ဖျားဇရပ်ကြားတွင် စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“စစ်ကောင်စီ တပ်သားတွေက အိမ်စီးကား တစ်စီးနဲ့ ဒိုင်နာကား တစ်စီး နှစ်စီးနဲ့လာတာ၊ မိုင်းတွေက အများကြီး ထောင်ထားတာ၊ ဘယ်အစုနဲ့ မိသွားလဲတော့ သေချာမသိဘူး၊ ကားတစ်စီးကတော့ လုံးဝ ဆက်မသွားတော့ဘဲ အဲ့ဒီနေရာမှာဘဲ ရပ်သွားတာ၊ ကျန်တဲ့ တစ်စီးက ဆက်ပြီးမောင်းသွားတယ်၊ ရှေ့တန်း ရဲဘော်တွေ သတင်းပို့ လာတာတော့ စစ်ကောင်စီ တပ်သား သုံးဦး သေတယ်လို့ သိရတယ်။ နောက်ဆက်တွဲ ဘယ်လောက် ထပ်ကျသေးလဲ စုံစမ်းနေတုန်းပါ” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် Black Eagle Defence Force-MMU ပြန်ကြားရေး တာဝန်ခံ ကိုသုံးဆယ်က ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီ တပ်သားများသည် မိနစ် ၂၀ ခန့်တိုင် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း ကိုသုံးဆယ်က အတည်ပြုသည်။

အဆိုပါ တိုက်ခိုက်မှုအား People's Defence Force Myinmu-MMUPDF၊ Black Eagle Defence Force-MMU၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့ ၊ Myin Mu Defence Force-MMDF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုံစာ- စစ်ကိုင်းတိုင်းအတွင်း PDF တပ်ဖွဲ့တစ်ခု၏ မြေမြှုပ်မိုင်းထောင်ထားပုံ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly