စက်သုံးဆီဈေး တစ်ရက်လျှင် ၁၅ ကျပ်နှုန်း ပုံမှန်တက်နေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဈေးနှုန်းများ ကွာဟမှုရှိ

စက်သုံးဆီဈေး တစ်ရက်လျှင် ၁၅ ကျပ်နှုန်း ပုံမှန်တက်နေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဈေးနှုန်းများ ကွာဟမှုရှိ

ဇန်နဝါရီ ၂၇

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ဇန်နဝါရီလ ပထမပတ်မှစ၍ ယနေ့ ဇန်နဝါရီ ၂၇ ရက်အထိ နေ့စဉ် ၁၅ ကျပ်နှုန်းဖြင့် ပုံမှန် ဈေးတက်လျက်ရှိနေသည်ဟု စက်သုံးဆီဈေးကွက်အတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် လက်လီဈေးနှုန်းမှာ Octane 92 တစ်လီတာလျှင် ၁၅၇၅ ကျပ်၊ Octane 95 တစ်လီတာလျှင် ၁၆၃၀ ကျပ်၊ P Diesel တစ်လီတာလျှင် ၁၆၀၀ ကျပ်၊ Diesel တစ်လီတာလျှင် ၁၅၉၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။

ယမန်နေ့က စက်သုံးဆီအမျိုးအစားအလိုက် လက်လီဈေးနှုန်းများမှာ Octane 92 တစ်လီတာလျှင် ၁၅၆၅ ကျပ်၊ Octane 95 တစ်လီတာလျှင် ၁၆၁၅ ကျပ်၊ P Diesel တစ်လီတာလျှင် ၁၆၀၀ ကျပ်နှင့် Diesel တစ်လီတာလျှင် ၁၅၉၀ ကျပ် ဖြစ်သည်။

“စက်သုံးဆီဈေးတွေက တစ်ရက်နဲ့ တစ်ရက် မြင့်လာတယ်။ တစ်ရက်ကို ၁၀ ကျပ် မြင့်တက်တာ ရှိသလို ၁၅ ကျပ်နှုန်း တက်လာတာရှိတယ်။ ကျွန်တော်က တစ်ခါဆီဖြည့်ရင် လေး ငါးလီတာလောက်ဖြည့်တာ။ တစ်လီတာကို ၁၅ ကျပ်နှုန်းတက်နေရင် ဆယ်လီတာဆို ၁၅၀၀ ကွာသွာပြီ။ ခရီးသည်က သူပုံမှန်သွားနေတဲ့ လမ်းကြောင်းကို ငါးရာလောက်ပိုတောင်းလိုက်ရင် မငှားတော့ဘူး။ ပြောချင်တာက ခရီးသည်က ဈေးနှုန်းကို အရင်အတိုင်းပဲပေးတော့ ဆီဆိုင်မှာက အရင်အတိုင်း ပေးလို့မရတော့ဘူး တစ်ရက်ထက် တစ်ရက် ဆီဈေးက တက်လာတယ်။ နောက်ပြီး စက်သုံးဆီဈေးနှုန်း မြင့်တက်လာတော့ အခြေခံစားကုန်တွေပါ တက်လာတယ်။ တစ်ရက်ရတဲ့ ဝင်ငွေနဲ့ သုံးစွဲနေရတဲ့ ကုန်ကျစရိတ်က ပိုကြီးလာတယ်။ ထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ တိုင်းပြည်ကို တာဝန်ယူ အုပ်ချုပ်ချင်ပါတယ်ဆိုတဲ့ကောင်ရဲ့ ဉာဏ်အမြော်အမြင်နဲ့ ဆိုင်တယ်။ ဆီဈေးတွေကြောင့် ပြည်သူ့ မီးဖိုချောင် အားအင်ချိနဲ့ လာနေပြီ” ဟု ဆိုသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့အသီးသီးတွင်လည်း စက်သုံးဆီ အမျိုးအစားအလိုက် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးဆုံး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့များအလိုက် Octane 92 တစ်လီတာလျှင် အမြင့်ဆုံးဈေးနှုန်း ၁၆၃၀ မှ အနိမ့်ဆုံး ၁၆၁၅ ကျပ် အထိလည်းကောင်း၊ Octane 95 တစ်လီတာလျှင် ၁၇၃၀ မှ ၁၇၂၀ ကျပ်အထိလည်းကောင်း ၊ P Diesel တစ်လီတာလျှင် ၁၆၇၀ မှ ၁၆၄၅ ကျပ် အထိလည်းကောင်း ၊ Diesel တစ်လီတာလျှင် ၁၆၅၀ မှ ၁၆၃၀ ကျပ် အထိလည်းကောင်း ဈေးနှုန်းမြင့်တက်နေသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော် ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လျက်ရှိကာ ဈေးနှုန်းများမှာလည်း မြို့အလိုက် ကွာခြားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly