မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၁ ဦးထံမှ မြန်မာငွေ ကျပ်သိန်း ၁၀၀ ဖမ်းမိ

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၁ ဦးထံမှ မြန်မာငွေ ကျပ်သိန်း ၁၀၀ ဖမ်းမိ

ဇန်နဝါရီ ၂၇

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် (Siaha District)၊ ခိုင်ခီ (Khaikhy) ကျေးရွာတွင် မြန်မာနိုင်ငံသား တစ်ဉီးထံမှ မြန်မာငွေ စက္ကူ ကျပ်သိန်း ၁၀၀ ဖမ်းမိခဲ့ကြောင်း အာသံ လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်က ဖမ်းမိခဲ့သော မြန်မာငွေ ကျပ်သိန်း ၁၀၀ သည် အိန္ဒိယငွေ ရူပီး ၄၂၀၀၀၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံသား တစ်ဉီးအား ဖမ်းဆီးထားကြောင်း အာသံရိုင်ဖယ် တပ်ရင်းက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် သတ်မှတ်ထားသော နိုင်ငံခြားငွေကြေးများအား ခွင့်ပြုချက်လိုင်စင်ဖြင့် အကန့်အသတ်ဖြင့်သာ ကိုင်ဆောင်ခွင့်ရှိသော်လည်း နယ်စပ်ဒေသတွင် ယခုကဲ့သို့ တရားမဝင် ငွေအလုံးအရင်းဖြင့် သယ်ဆောင်ခြင်းသည် ဥပဒေအရ ပြစ်မှုမြောက်သော ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ တရားမဝင် ငွေစက္ကူ မှောင်ခို သယ်ဆောင်မှုကြောင့် မီဇိုရမ်ပြည်နယ် အတွက် စိုးရိမ်မကင်း ဖြစ်ရကြောင်း ဖမ်းမိသူအား ဥပဒေအရ ဆက်လက် အရေးယူရန် သက်ဆိုင်သို့ အပ်နှံပြီးဖြစ်ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ဆိုင်ဟားခရိုင်၌ မြန်မာနိုင်ငံသား တစ်ဉီး အပါအဝင် လူသုံးဉီးအား ပေါက်ကွဲစေတတ်သော ပစ္စည်း ကီလိုဂရမ် ၂၅၀၀ နှင့် စနက်တံ ၄၅၀၀ မီတာအား အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ်ရဲတို့ ပူးပေါင်း ဖမ်းဆီးခဲ့ သေးသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၃၀၀၀၀ ကျော် ခိုလှုံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly