စစ်တပ်က ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ဘတ်စ်ကားများကိုပါ စစ်ဆေးမှုများ လုပ်နေ

စစ်တပ်က ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ဘတ်စ်ကားများကိုပါ စစ်ဆေးမှုများ လုပ်နေ

ဇန်နဝါရီ ၂၅

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည် တင်ယာဉ် ဘတ်စ်ကားများပေါ် အထိ တက်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် ရန်ကင်းမြို့နယ် ကန်ဘဲ့လမ်းပေါ်ရှိ ကလေးဆေးရုံအနီး မှတ်တိုင်၌ စောင့်ဆိုင်းကာ စစ်ဆေးနေသည်ဟု ခရီးသည်တင် ဘတ်စ်ကား ယာဉ်မောင်း တစ်ဦးက ပြောသည်။

“ ကိုယ်ကတော့ ဘတ်စ်ကားမှတ်တိုင် ဖြစ်တာကြောင့် ပုံမှန် ရပ်ရိုးရပ်စဉ် အတက်အဆင်း အတွက် ရပ်တာပါ။ မှတ်တိုင်နားမှာ စောင့်ပြီးတော့ ကားရောက်တာနဲ့ သုံးလေးယောက် တက်လာပြီး ဟိုကြည့် ဒီကြည့် လုပ်တယ်။ ဘာမှတော့ မပြောဘူး။ ပြန်ဆင်းသွားတယ်။ အပြင်မှာလည်း ယာဉ်ထိန်းရဲနဲ့ ရဲတွေ တက္ကစီတွေကို တားပြီး စစ်ဆေးနေတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယနေ့တွင် ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်အနီး ဂမုန်းပွင့် အရှေ့တွင်လည်းကောင်း၊ ဗဟန်းမြို့နယ် ဂျပန်သံရုံးအနီးနှင့် ဦးချစ်မောင်လမ်း အထက (၃) ကျောင်းရှေ့တွင် လည်းကောင်း၊ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းဆုံတွင်လည်းကောင်း၊ သန်လျင်အထွက် တိုင်းရင်းသား ကျေးရွာအရှေ့တွင် လည်းကောင်း စစ်ဆေးမှုများ ရှိနေသည်။

ရန်ကုန်မြို့ မြန်မာပလာဇာ အနီးတွင်လည်း မသင်္ကာသူအချို့ကို ခေါ်ယူစစ်ဆေးနေပြီး၊ ဖုန်းအတွင်း VPN တွေ့ရှိပါက ဖုန်းသိမ်းကာ စခန်းသို့ ဖမ်းဆီးခေါ် ဆောင်နေသည်ဟု ယင်းပလာဇာအနီးရှိ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ ရှိ မြို့နယ်များဖြစ်သော ကျောက်တံတားမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ စစ်ကောင်စီက ယာဉ်များအပြင် ဖုန်းစစ်ဆေးမှုများကိုပါ ဆက်တိုက် ပြုလုပ်နေသည်။

ပုံစာ- ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီတပ်က ယာဉ်များပိတ်ဆို့ စစ်ဆေးနေမှုမြင်ကွင်း။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly