မြန်မာခရီးစဉ်အပေါ် ဝေဖန်သူများကို ဟွန်ဆန် ပြန်လည် ခွန်းတုံ့ပြန်

မြန်မာခရီးစဉ်အပေါ် ဝေဖန်သူများကို ဟွန်ဆန် ပြန်လည် ခွန်းတုံ့ပြန်

ဇန်နဝါရီ ၂၄

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဝေဖန်ပြောဆိုခဲ့ကြသူများကို မကျေမနပ်ဖြစ်လျက်ရှိပြီး ယခုအခါ ပြန်လည် ခွန်းတုံ့ပြန် ဝေဖန်ပြောဆိုသွားခဲ့သည်။

၎င်း မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်သည် "မြန်မာ့အရေး ဖြေရှင်းရေး အသီးအပွင့်ရလဒ်များလိုချင်၍ အပင်စိုက်ခဲ့သည့် သဘောဖြစ်" ကြောင်း ဟွန်ဆန်က ပြောဆိုခဲ့သည်။ ယင်းသည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဝေဖန်ပြစ်တင်သူများကို ဟွန်ဆန်ဘက်က တုံ့ပြန်ပြောဆိုမှုတစ်ခုအဖြစ် ပေါ်လွင်ထင်ရှားနေသည်။

မြန်မာခရီးစဉ်အပေါ် ဝေဖန်သူများမှာ "ခုတစ်ရက်၊ နှစ်ရက်အတွင်းကမှ စိုက်ထားသည့် အပင်တစ်ပင်ကနေ ခုချက်ချင်း ၎င်းတို့အတွက် အသီးအပွင့်များ ရလာလိမ့်မည်ဟု ထင်နေကြသူများ" သာ ဖြစ်ကြောင်း ဟွန်ဆန်က ဖေ့ဘွတ်ခ်ပို့တစ်ခုတွင် ခိုင်းနှိုင်းထုတ်ဖော်ခဲ့သည်။

ဟွန်ဆန်သည် ဇန်နဝါရီ ၂၁ ရက်က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ နှင့် ၃၅ မိနစ်ကြာ ဖုန်းခေါ်ဆိုပြီး မြန်မာ့အရေး ဆွေးနွေးပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် ၎င်းအပေါ် ဝေဖန်သူများကို မကျေမနပ်ဖြစ်နေပြီး အထူးသဖြင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို ကွက်ပြီး ရွေးထုတ်သွားခဲ့သည်။ ဟွန်ဆန်အနေဖြင့် မြန်မာခရီးစဉ် မသွားခင် အခြားအာဆီယံနိုင်ငံများနှင့် အရင်တိုင်ပင်ခဲ့သင့်ကြောင်း ဆိုင်ဖူဒင်က မကြာသေးခင်က ပြောဆိုထားခဲ့သည်။

ဂျိုကိုဝီနှင့် တွေ့ဆုံခဲ့စဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ သတင်းစကား တဆင့်ပါးပေးရန် ဟွန်ဆန်က အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီကို တောင်းဆိုခဲ့သည်ဟု သိရသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကားများက အာဆီယံမူဘောင်အတွင်း ကိစ္စရပ်များကို လုပ်ဆောင်ရန် မှန်ကန်သည့် လမ်းကြောင်း မဖြစ်ခဲ့ဟု ဟွန်ဆန်က သတင်းစကား ပါးခဲ့ခြင်းဖြစ်သည်။

"အာဆီယံခေါင်းဆောင်တွေ၊ အထူးသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအပေါ် ဒီလိုမျိုး မသင့်လျော်တဲ့ စကားတွေ ပြောပြီး ဒီလို ပမာမခန့် စော်ကားမှုမျိုးကို ဆိုင်ဖူဒင်ဘက်က လုပ်ဆောင်တာကို ခွင့်မပြုလိုက်ပါနဲ့၊ ဒါက သံတမန်တွေအတွက် သင့်တော်တဲ့ စကားအသုံးအနှုန်းမျိုး မဟုတ်ပါဘူး" ဟု ဟွန်ဆန်က ပြောခဲ့သည်။

ထို့ပြင် အချိန်တိုတောင်းခဲ့သော်လည်း ၎င်း၏ ခရီးစဉ်က ဥပမာအားဖြင့် "အကြမ်းဖက်မှု ရပ်တန့်မှု" နှင့် "အပစ်ရပ်မှု သက်တမ်းတိုးမှု" ကဲ့သို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်ရလဒ်တစ်ချို့ကို တိုက်ရိုက်နှင့် သွယ်ဝိုက် ရရှိထားခဲ့ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ခြင်းက အဓိကဦးစားပေးကိစ္စတစ်ခုဖြစ်သည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဟွန်ဆန်နှင့် ဆွေးနွေးစဉ် အလေးပေး ပြောခဲ့သည်။

ထို့ပြင် ရှေ့တွင် ကျင်းပရန် ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာရေး တွန်းအားပေးလုပ်ဆောင်သွားရန် ဂျိုကိုဝီ နှင့် ဟွန်ဆန်တို့ သဘောတူခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly