ရေဖြူမြို့နယ်တွင် စစ်ကောင်စီအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများ အကြိမ်ကြိမ် ပြုလုပ်နေ၍ KBDF အဖွဲ့မှ မိုင်းခွဲ သတိပေး

By ကိုရွှေမြိတ်
23 January 2022
ရေဖြူမြို့နယ်တွင် စစ်ကောင်စီအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများ အကြိမ်ကြိမ် ပြုလုပ်နေ၍ KBDF အဖွဲ့မှ မိုင်းခွဲ သတိပေး

ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုတွင် စစ်ကောင်စီအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လိုင်းကြေးများ ပေးဆောင်ပြီး လောင်းကစားဝိုင်းများကို ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျေးရွာ တာဝန်ခံ တချို့က ပြုလုပ်နေ၍ ဆက်လက် မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားသော်လည်း လိုက်နာခြင်း မရှိခြင်းကြောင့် Kanbauk Defence Force (KBDF) အဖွဲ့မှ မိုင်းခွဲ သတိပေးလိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လောင်းကစားဝိုင်းရှိရာ ကံပေါက်ကျေးရွာအုပ်စု ဖောင်းတောရွာ ဘောလုံးကွင်းတွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ က မိုင်းတစ်လုံး ဖောက်ခွဲကာ သတိပေးခဲ့သည်ဟု အဆိုပါ အဖွဲ့မှ ယမန်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို လာဘ်ထိုး၍ လောင်းကစားဝိုင်း ထောင်ပြီး စီးပွားရှာနေကြသည့် တာဝန်ခံ ၊တာဝန်ရှိသူများကို မိုင်းခွဲ သတိပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ထပ်မံ သတိပေးထားသည့် ကြားမှ ပြုလုပ်လာပါက ယင်းကဲ့သို့ ထပ်မံ မိုင်းခွဲသွားမည်ဖြစ်ကြောင်း KBDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုကြောင့် ပြည်သူများ အနေဖြင့် လောင်းကစားဝိုင်းများနှင့် ဝေးရာတွင် နေပေးကြပါရန် ကြိုတင်ပန်ကြားအပ်ပါသည်ဟုလည်း KBDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required