ရန်ကုန် မြို့နယ် ၇ ခု၌ ပြုလုပ်သည့် စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိ ဟုဆို

ရန်ကုန် မြို့နယ် ၇ ခု၌ ပြုလုပ်သည့် စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိ ဟုဆို

ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ မြို့နယ် ခုနှစ်ခုတွင် “ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် စစ်ကောင်စီ တပ်များအား တိုက်ခိုက်ခဲ့ရာ သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

လှိုင်သာယာ၊ တာမွေ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ အင်းစိန်နှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် “ပျံလွှားအောင်” စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ် PDF များက ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်များ စခန်းချရာ အဆောက်အအုံကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း နှစ်လုံးဖြင့် အဆင့်ဆင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်း လမ်းမပေါ်ရှိ စစ်ကောင်စီတပ်များ အခြေပြုနေသည့် ယာဉ်ထိန်းရဲကင်းကို ယနေ့ နံနက် ၆ နာရီခန့်တွင် People Network တပ်ဖွဲ့က အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ CCTV Control Box ပျက်စီးပြီး စစ်ကောင်စီ တပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့၊ မနက် ၆ နာရီခန့်တွင် တိုက်ကြီးမြို့နယ်၊ ထွေအုပ်ရုံး အနောက်ဘက်ခြမ်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အဝေးထိန်းမိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် မိန်းဂိတ်ပေါက်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်များအား ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်တွင် DRF တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ထိုနေ့ည ၈ နာရီ ဝန်းကျင်တွင် တောင်ဒဂုံမြို့နယ်၊ (၇၁) ရပ်ကွက်၊ နဝဒေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားရာ နေရာကို F2Y တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် သုံးကြိမ် အဆင့်ဆင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံးအနီး ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီတပ်သားများအား The Boys နှင့် DRF တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့သည်ဟု ဆိုသည်။

ထိုနေ့ည ၈ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ အင်းစိန်ထောင်ဝန်း အတွင်း မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းနေသည့် စစ်ကောင်စီ လက်ပါးစေ ထောင်ဝန်ထမ်းများကို အဝေးထိန်းမိုင်း ဖောက်ခွဲပြီး ပထမအကြိမ် သတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့သည် ပြည်သူလူထု အပေါ် နည်းမျိုးစုံသုံး၍ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များ အပေါ် စစ်ရေးအရ အရေးယူ တုံ့ပြန် တိုက်ခိုက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required