တီးတိန်မြို့အနီး ဟိန်ဇိန်ရွာ အနီးတစ်ဝိုက်ကို စစ်တပ်က မြေပြင် ဝေဟင် ထိုးစစ်ဆင်

တီးတိန်မြို့အနီး ဟိန်ဇိန်ရွာ အနီးတစ်ဝိုက်ကို စစ်တပ်က မြေပြင် ဝေဟင် ထိုးစစ်ဆင်

ဇန်နဝါရီ ၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန် လမ်းမပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က မြေပြင်မှ လက်နက်ကြီး အ‌မြောက်များဖြင့် ပစ်ခတ်ပြီး ဝေဟင်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံ မြေပြင် သတင်းရင်းမြစ် ထံက သိရသည်။

ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ကလေးမြို့ တက္ကသိုလ်ဝန်း အတွင်းမှ အဝေးပစ် အမြောက်ဖြင့် ၁၄ ကြိမ် တိတိ လှမ်းပစ်ပြီး နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် ရဟတ်ယာဉ် နှစ်စီးဖြင့် နာရီဝက်ကြာ ပစ်ခတ်သည်ဟု သတင်းရင်းမြစ်က ပြောပြသည်။

"ကျွန်တော် တိတိကျကျ မှတ်ထားတာ။ ၈ နာရီကနေ စပစ်တာ၊ လေးမိနစ် အတွင်းမှာ ၁၄ကြိမ် ပစ်ပြီးသွားပြီ။ တစ်ခါပစ်ရင် အတွဲလိုက် နှစ်ခါ နှစ်ခါပစ်တာ။ အမြောက် ပစ်လိုက်တိုင်း ကလေးမြို့ထဲထိ မြေကြီး‌တွေ တုန်ခါနေတယ်။ ကျွန်တော့် အိမ်နံရံ အက်ပြီလို့တောင် ထင်ရတယ်။ ပြီးတော့ ၈ နာရီခွဲမှာ တိုက်ရဟတ်ယာဉ် ခေါ်မလား၊ အဲဒါနဲ့ လာပစ်တာ၊ နာရီဝက်လောက်ရှိတယ်" ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ချင်းတောင်ပေါ်တွင် အသုံးပြုနေသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးကို ညဘက်တွင် ကလေးမြို့ (၂၂၈) တပ်ထဲ၌ ရပ်နားထားရှိပြီး နံနက်ပိုင်းတွင် ကလေးမြို့ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) အနားရှိ ကလေး လေဆိပ်ထဲတွင် အဆင်သင့် ရပ်နားထားက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံထံက သိရသည်.

တီးတိန်မြို့နယ် ဟိန်ဇိန်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နေ့တွင် CDM Siyin ၊ PDF Zoland၊ Zomi-PDF ၊ CNA ၊ Kalay PDF တပ်ရင်း (၃၊ ၈ ၊၉) ၊ PDA၊ Zongam Armyနှင့် CDF-KKG တို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Zomi-PDF က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly