မြောက်ဥက္ကလာပမြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွား

ဇန်နဝါရီ ၂၂

မြောက်ဥက္ကလာပမြို့နယ် နေရာအများစုတွင် ယမန်နေ့ ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်နှင့် ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက်အစောပိုင်း ၃ နာရီ ဝန်းကျင်ခန့်၌ သေနတ် ပစ်ခတ်သံများ ဆူညံနေကြောင်း သိရသည်။

ယမန်နေ့ ည ၁၁ နာရီ ဝန်းကျင်က မြောက်ဥက္ကလာပ အမှတ် (၉) ရဲစခန်းထဲမှ ခေမာသီ လမ်းမပေါ်သို့ သေနတ်များ ပစ်ဖောက်ခဲ့ပြီး၊ အဝိုင်းကြီး အနီးတွင်လည်း သေနတ်သံများ ကြားနေရကြောင်း သိရသည်။

“မနက် ၃ နာရီ ကျော်လောက်က သေနတ်သံ အချက်၂၀ ကျော် ကြားနေရတယ်၊ အနန်းပင် လေတပ်ထဲကနေ စစ်တပ်က အပြင်ဘက်ကို ပစ်နေတာ။ အပြန်အလှန် ပစ်နေတဲ့ ပုံမျိုးမဟုတ်ဘဲ တစ်ချက်ခြင်း အပြင်ကို ပစ်နေတာ။ မနေ့က နေ့လယ်ကလည်း မင်္ဂလာဒုံ လေတပ်စခန်း ဗုံးပစ်ခံရတာ စစ်တပ်က လေးယောက်လောက် အပြင်းအထန် ထိခိုက်မှု ဖြစ်တယ်လို့ သိရတယ်”ဟု မြောက်ဥက္ကလာ အဝိုင်းကြီးအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိ မြောက်ဥက္ကလာပ အဝိုင်းကြီး အနီးရှိ လျှပ်စစ်ရုံး၊ မြို့နယ်ခန်းမနှင့် ၎င်းအနီးရှိ ထွေအုပ်ရုံးတို့တွင် စစ်ကောင်စီတပ်မှ တပ်စွဲထားကြောင်း သိရသည်။

“ကျွန်တော်တို့ တွေ့တာ မနေ့ကလည်း ၃၅ လိုင်းကားပေါ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖောက်ခွဲမှု လုပ်မယ်ဆိုပြီး သတင်းရလို့ မြောက်ဥက္ကလာမြို့နယ် ခန်းမရှေ့မှာ လမ်းတွေ ပိတ်ချလိုက်တယ်။ ပြီးတော့ ၃၅ လိုင်းကား နှစ်စီးကို စစ်နေကြတာ အကြာကြီး၊ ဘာမှမတွေ့ဘဲနဲ့ လေတပ်မှာ အုံးဆိုပြီး ဗုံးပေါက်သွားတယ်'' ဟု ၎င်းက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly