တမင်ဆင်ရိုက်ထားသောဓာတ်ပုံများသုံး၍ စစ်ကိုင်း PDFများ လက်နက်ချနေပြီဆိုသော သတင်းမှားဖြန့်

တမင်ဆင်ရိုက်ထားသောဓာတ်ပုံများသုံး၍ စစ်ကိုင်း PDFများ လက်နက်ချနေပြီဆိုသော သတင်းမှားဖြန့်

ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက စစ်ကောင်စီတပ်ထံ လက်နက်အပ်ကာ အလင်းဝင်သည်ဟုဆိုသော အဆိုပြုချက်ကို ဓာတ်ပုံများနှင့်တကွ ဖေ့စ်ဘုတ်အကောင့်နှင့် တယ်လီဂရမ်ချန်နယ်များမှဖြန့်ဝေလျက်ရှိသည်။ သို့သော် ထိုအဆိုပြုချက်မှာ တမင်ဆင်ရိုက်ထားသောဓာတ်ပုံများကိုအသုံးပြုထားသည့် သတင်းမှားဖြစ်သည်။

"ငြိမ်းချမ်းမှုကို လိုလားသည့် PDF များ တပ်မတော်ထံလက်နက်များ လာရောက် အပ်နှံ့အလင်းဝင်ကြပြီ၊ ကျောက်ပြုတ်ရွာမှ တစ်ဆင့် ဆက်သွယ်ပြီး စစ်ကိုင်းတိုင်း အတွင်း ရွာပေါင်း ၉၀ ကျော်က PDF တွေအလင်းဝင်ကြတာပါ” ဟူသောစာသားများနှင့်လူ အချို့က လက်လုပ်သေနတ်များ စစ်ကောင်စီ တပ်ထံ အပ်နှံ့နေသည့် ပုံများနှင့်တကွ “U Han” ဆိုသည့် ဖေ့ဘုတ်စ်အကောင့်မှ စတင် ဖြန့်ဝေခဲ့သည် ။ ထိုပို့စ်ကို လိုက်ခ်ပြုလုပ်သူ ၅,၀၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေသူ ၂,၀၀၀ ကျော် ရှိပါသည်။

ထိုဓာတ်ပုံများကို “USDP တပ်မတော် ထောက်ခံသူများ ဆုံစည်းရာ”ဆိုသည့် ဖေ့စ်ဘုတ် ဂရုတွင် “Kyaw Thiha”ဆိုသည့် အကောင့်ပိုင်ရှင်မှ “စစ်ကိုင်းတိုင်းအတွင်း သောင်းကျန်းနေတဲ့ PDF တွေကို လက်မခံနိုင်လို့ ကြံ့ခိုင်ရေးပါတီဝင်များ၊တပ်မတော်၊ရဲ၊မဘသချစ်သူများ မှ နယ်မြေလုံခြုံရေး ရယူမှာ ဖြစ်လို့ ဇန်နဝါရီလ ၁၅ ရက်မှာ တပ်မတော်ဟာ စစ်ကိုင်း ပျူစောထီးအမည်ဖြင့် လက်နက်များ ထောက်ပံ့ပေးခဲ့သည်”ဟု ရေးသားပြီး ထပ်မံဖြန့်ဝေခဲ့သည်။

အလားတူပင် စစ်တပ် ဝါဒဖြန့် telegram channel ဖြစ်သည့် “ံHan Nyein Oo”တွင် “ NUG ကိုလက်မခံသည့် ဂန့်ဂေါမှ PDF များလက်နက်အပ်”ဟု ရေးသားဖော်ပြခဲ့သည်။ စစ်တပ်ဝါဒဖြန့် အကောင့်များသည်တူညီသော ဓာတ်ပုံများကို အသုံးပြုပြီး ဖြန့်ဝေခဲ့ပြန်သည်။

အလင်းဝင်သည်ဟု စွပ်စွဲခံရသည် ကလေး PDF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကလေး PDF မှာ အဲ့ဒီလို လုံးဝမရှိပါဖူး၊ကျောက်ပြုတ်ကျေးရွာဟာ စကစ အခြေစိုက်တဲ့ ကျေးရွာပါ၊ပုံထဲပါတဲ့သူတွေကလည်း ပျူစောထီးတွေဖြစ်လိမ့်မယ်၊သူတို့ဟာ စကစအတွက် အသက်သာရင်းပေးရတာ သူတို့ဆင်ပေးရင် လက်လုပ်သေနတ် အစုတ်အပြတ်တွေပါပဲ၊ မောင်းပြန်လည်း မဆင်ပေးရဲဖူး၊အခု ပျံ့နှံ့နေတဲ့ပုံတွေကလည်း စကစ ဝါဒဖြန့်ချင်လို့ သူတို့လူ သူတို့လက်နက်နဲ့ ရိုက်ထားတာဖြစ်နိုင်ပါတယ်”ဟု မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းတိုင်း အခြေစိုက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒေသတွင်း PDF များလက်နက်ချခြင်းဖြစ်ပေါ်မှုမရှိကြောင်းနှင့် “သူတို့ (စစ်ကောင်စီတပ်) မိထားတဲ့ လက်လုပ်တွေနဲ့ ဇာတ်လမ်းဆင်တာနေမှာ”ဟု ပြန်လည်ဖြေကြားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျောက်ပြုတ်ရွာသည် ပျူစောထီး တပ်ဖွဲ့များအဖြစ်ဖွဲ့စည်းထားတဲ့ ရွာဖြစ်ပြီး မခံနိုင်သည့် ကျေးရွာပြည်သူများလည်း ထွက်ပြေး စစ်ရှောင်နေတာ လနဲ့ချီကြာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required