အမေရိကန်အရှေ့ပိုင်းမှာ ဆောင်းမုန်တိုင်း တိုက်ခတ်

အမေရိကန်အရှေ့ပိုင်းမှာ ဆောင်းမုန်တိုင်း တိုက်ခတ်
Photo - AFP

ဇန်နဝါရီ ၁၇

အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှာ ဆောင်းရာသီမုန်တိုင်းတစ်ခုကြောင့် ရေခဲမှုနဲ့ နှင်းမှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ ပြည်သူသန်းချီဟာ အဆိုပါ အေးခဲလှတဲ့ ရာသီဥတုအခြေအနေအတွင်း ဘေးကင်းရာနေရာတွေမှာ ရှိနေနိုင်ဖို့ ပြင်ဆင်ခဲ့ကြရပါတယ်။

ဆောင်းမုန်တိုင်းကြောင့် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ ပြည်သူ ၁၄၅,၀၀၀ ခန့်လောက် လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မုန်တိုင်းကြောင့် နှင်းတွေ ထူထဲစွာ ကျဆင်းတာ၊ ရေခဲမိုး ရွာတာနဲ့ အေးမြတဲ့ လေပြင်းတွေ တိုက်ခတ်တာ စတဲ့ အခြေအနေတွေကို ဖြစ်စေခဲ့ပြီး မုန်တိုင်းဟာ နယူးအင်္ဂလန် ဒေသနဲ့ ကနေဒါ တောင်ပိုင်းကို ရွေ့လျားသွားနေတယ်လို့ အမျိုးသား ရာသီဥတု ဌာန (NWS) က ပြောပါတယ်။

အယ်ပယ်လာချီယန် တောင်တန်းတကြော ဧရိယာတချို့မှာ ဇန်နဝါရီ ၁၇ ရက်အထိ တစ်နာရီကို နှင်းထု တစ်လက်မအထိ ကျဆင်းတာကို မြင်တွေ့နိုင်ခဲ့ပြီး အေးခဲတဲ့ ရာသီဥတု အခြေအနေတွေဟာ ဇန်နဝါရီ ၁၈ ရက်အထိ ဆက်ရှိနေနိုင်တယ်လို့ NWS က ပြောပါတယ်။

လက်ရှိမှာ လူပေါင်း သန်း ၈၀ ကျော်ဟာ ဆောင်းတွင်း ရာသီဥတု သတိပေးချက်တွေအောက်မှာ ရှိနေကြရတယ်လို့ အမေရိကန် မီဒီယာက ဖော်ပြပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် ဖလော်ရီဒါမှာ လေဆင်နှာမောင်းတွေကို ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်မှာ နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပကို ပြေးဆွဲတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၃,၀၀၀ လောက်ကို ဖျက်သိမ်းခဲ့ရပြီး နောက်ထပ် ခရီးစဉ်ပေါင်း ၄,၂၀၀ ဟာလည်း အချိန်ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ကားမောင်းနှင်သူတွေကိုလည်း အန္တရာယ်ရှိ လမ်းပိုင်း အခြေအနေတွေနဲ့ပတ်သက်လို့ သတိပေးထားခဲ့ကာ တောင်ပိုင်း အာကန်ဆက်စ်ကနေ မိန်းပြည်နယ်အထိ ခရီးသွားလာမှုဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိုင်ယန် ကမ့်ပ်က ပြီးခဲ့တဲ့ သောကြာနေ့မှာ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့သလို ဆီးနှင်းရှင်းယာဉ်တွေနဲ့ လမ်းတွေကို ရှင်းလင်းနိုင်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အလားတူ ဆောင်းမုန်တိုင်းကြောင့် ဗာဂျီးနီးယားနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တို့မှာလည်း အရေးပေါ် အခြေအနေတွေ ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly