ရန်ကုန်မြို့၌ တစ်ပတ်အတွင်း PDF ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် လုံခြုံရေး သတိပြုရန် NUG နှိုးဆော်

ရန်ကုန်မြို့၌ တစ်ပတ်အတွင်း PDF ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် လုံခြုံရေး သတိပြုရန် NUG နှိုးဆော်

ဇန်နဝါရီ ၁၄

ရန်ကုန်မြို့၌ တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် လုံခြုံရေး သတိပြုကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရန်ကုန်တိုင်း စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၈ ရက်မှ စတင်ကာ ရန်ကုန်ရှိ PDF များနှင့် မြေအောက် တော်လှန်ရေး အင်အားစုများကို ဖမ်းဆီးရန် စစ်ကောင်စီက အရှိန်မြှင့် ကြိုးပမ်းနေပြီး တော်လှန်ရေး အင်အားစုများ အနေဖြင့် ကိုယ်စီစဉ်နိုင်သော အချက်များကို သိုသိုသိပ်သိပ် ပိရိသေသပ် လုံခြုံစွာ စီစဉ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

"လက်ရှိ ရန်ကုန်မြို့ အနေအထားသည် စကစ (စစ်ကောင်စီ) များဘက်က ကျွန်တော်တို့် တော်လှန်ရေး သမားများကို ပိုက်စိပ်တိုက် လိုက်လံအနံ့ခံ ရှာဖွေဖမ်းဆီးမှုများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ပကဖများ၊ PDF ရဲဘော်များနှင့် အခြား တော်လှန်ရေး အင်အားစုများ (UGs) ကို ကွင်းဆက်များလိုက်၍ ဖော်ထုတ်မှုများ ပြုလုပ်နေပါတယ်၊ ဒီအချိန်တွင် အဖွဲ့အစည်းအချို့၏ အသိပေးစာများ၊ သတိပေးစာများ၊ ရှောင်ရန်ဆောင်ရန်များ ထွက်ပေါ်လျက် ရှိနေပါတယ်။ ကျွန်တော်တို့ ရဲဘော်များ မိမိတို့လုပ်ရမည့် အလုပ်များကိုသာ အာရုံစူးစိုက်ပြီး မိမိတို့အဖွဲ့ တာဝန်ခံများ၏ ညွှန်ကြားစီမံမှု အတိုင်းသာ ဆက်လက် ဆောင်ရွက်ကြပါရန်နှင့် အခြားအဖွဲ့များ၏ စီမံမှုများနောက်တွင် ဝေဝါးစွာ လိုက်ပါသွားခြင်းများ သတိချပ်ကြရန် ဖြစ်ပါတယ်" ရန်ကုန်တိုင်း စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံထားရသူများ၏ အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘဲ စစ်‌ကောင်စီဘက်မှ ပရိယာယ်ဆင်ပြီး တော်လှန်ရေး အင်အားစုများ ချိနဲ့ရန် ပြုလုပ်နေပါသဖြင့် လုံးဝ မပေါ့ဆကြရန်နှင့် ကြိုတင်ပြင်ဆင် ထားသင့်သည်များ ပြင်ဆင်ထားကြရန် လိုအပ်သည်ဟု ဆိုသည်။

တစ်စုံတစ်ရာ သိရှိလိုပါက အဖွဲ့၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ထံ တိုက်ရိုက် မေးမြန်း အတည်ပြုချက် ရယူကြရန်နှင့် ရန်ကုန် ပကဖများ၊ PDF-STF များအနေဖြင့် ရန်ကုန်စစ်ဒေသ တာဝန်ရှိသူများထံ သတင်း အတည်ပြုချက် ရယူပြီးမှသာ သတင်းအချက်အလက်များကို ယုံကြည်လက်ခံကြရန် အထူးမေတ္တာရပ်ခံ ထားသည်။

"ရန်ကုန် ပကဖ များကြား အတွင်းစည်း ပေါက်နေသယောင် ထင်ယောင်ထင်မှား ဝါဒဖြန့်နေခြင်းများ၊ UG အဖွဲ့များ အချင်းချင်းကြား သူ့မယုံ ကိုယ့်မယုံ သံသယများ ဖြစ်လာစေရန် ကြံစည်ဆောင်ရွက်နေမှုများ၊ စိတ်ဓါတ်စစ်ဆင်ရေးအရ ဘယ်သူတွေ ဖော်ထုတ်လို့၊ ဘယ်သူတွေ ချိတ်ကနေ မိသွားတာ၊ ဆက်သွယ်လိုက်လို့ ပါသွားတာ စသဖြင့် မဟုတ်တာရော ဟုတ်တာရော ကြားညှပ်ပြီး ထွက်ပေါ်လာနေတဲ့ Social Media နှင့် Channel အသီးသီးမှ စာများ၊ မိမိတို့ အခြေအနေကို လိုင်းပေါ်တင်ပြီး ပြည်သူကို ချပြနေသော အချို့ ရဲဘော်များ၊ ခေါင်းဆောင်များ၏ အမည်ကို အသုံးချပြီး အလွဲသုံး ပြုလုပ် ပြောဆိုနေမှုများ၊ စကစ ဘက်က အလိုရှိနေသူများ အခြေအနေမှန် ပေါ်လာစေရေး အစဆွဲထုတ်ပြီး သတင်းရအောင် ဆိုက်ဝါးနည်းဗျူဟာ သုံးနေမှုများ စတာတွေကို သတိဖြင့် ဆင်ခြင်သုံးသပ် ပြင်ဆင် ဆောင်ရွက်နိုင်ကြဖို့လည်း ထပ်မံ တိုက်တွန်း အသိပေးလိုပါတယ်" ဟု ရန်ကုန်တိုင်း စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required