ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်မှုအတွက် စစ်ကောင်စီကို အီးယူ ပြစ်တင်ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်မှုအတွက် စစ်ကောင်စီကို အီးယူ ပြစ်တင်ဝေဖန်

EEAS ၊ ဇန်နဝါရီ ၁၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇန်နဝါရီ ၁၀ ရက်က ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ထပ်မံချမှတ်ခဲ့မှုနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ)က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး အာဏာသိမ်းစစ်ကောင်စီကို ပြစ်တင်ဝေဖန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ အီးယူ၏ သဘောထားရပ်တည်ချက်သည် ၂၀၂၁ ဒီဇင်ဘာ ၆ ရက် ယင်း၏ ကြေညာချက်တွင် ဖော်ပြထားသလို ဆက်ရှိနေကြောင်း၊ နေပြည်တော်တွင် အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်သော အထူးတရားရုံးတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည့် တရားရုံးကြားနာစစ်ဆေးမှုက နိုင်ငံရေးအရ အရင်းခံနေကြောင်း အီးယူက ပြောခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ထပ်မံချမှတ်သည့် လုပ်ရပ်က မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်သည့် နောက်ထပ် လုပ်ဆောင်ချက်ဖြစ်သလို လူ့အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်မှုလည်း ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတွင် ဒီမိုကရေစီအတွက် နောက်ထပ် ဆုတ်ဆိုင်းမှုတစ်ခုလည်း ဖြစ်ကြောင်း အီးယူက ထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့ပြင် ယင်းကဲ့သို့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်နေမှုများက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ဖြင့် တောင်းဆိုထားသည့် အားလုံးပါဝင်တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ကနေ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များကို ဖယ်ထုတ်ရန် ရှင်းလင်းသည့် ကြိုးပမ်းမှုတစ်ခုပင် ဖြစ်ကြောင်း အီးယူက ဝေဖန်ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို  ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရေး ထပ်လောင်းတောင်းဆိုကြောင်း အီးယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required