ဟားခါးမြို့တွင် လူငယ်များကို စစ်ကောင်စီတပ်က လက်ကမ်း စာစောင်များ အတင်းအကျပ် လိုက်လံဝေငှခိုင်း

ဟားခါးမြို့တွင် လူငယ်များကို စစ်ကောင်စီတပ်က လက်ကမ်း စာစောင်များ အတင်းအကျပ် လိုက်လံဝေငှခိုင်း

ဇန်နဝါရီလ ၁၀ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ ဆေးရုံလမ်းခွဲ၌ ယနေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်များက လူငယ်တချို့ကို အတင်းအကျပ် ဆွဲခေါ်ပြီး ချင်းဘာသာဖြင့် ရေးသားထားသည့် ဝါဒဖြန့်ချီရေး စာစောင်များကို အိမ်တိုင်ယာရောက်သာမက လမ်းသွားလမ်းလာများကိုပါ လိုက်လံ ဝေခိုင်းနေကြောင်း သိရသည်။

အဆိုပါ ချင်းဘာသာ (ဟားခါး) ဖြင့် ရေးထားသည့် လက်ကမ်းစာစောင်တွင် ''NLD ၊ CRPH၊ NUG PDF အဖွဲ့စည်းများသည် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြောင်း၊ NLD ပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲခိုးခဲ့ကြောင်း၊ NUG သည်လည်း PDF ဆိုသည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တိုင်းပြည်ကို ဖျက်ဆီးနေကြောင်းနှင့် PDF များသည် တီးမစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ထန်တလန်မြို့ကိုလည်း PDF များ မီးရှို့ခဲ့သည်သာ ဖြစ်ကြောင်း၊ မင်းတပ် PDF များက ကားတစ်စီး ချောက်ထဲကျရန် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် ဆရာတော်တစ်ပါးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်းနှင့် တပ်မတော်မှ နိုင်ငံတော် တည်ငြိမ်အေးချမ်းလာအောင် ထိန်းသိမ်း စောင့်ရှောက်နေခြင်းဖြစ်ပြီး နှစ်နှစ်ပြည့်ပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည် ဖြစ်သည်" ဟုပါရှိသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် 'အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ကြသည့် NLD၊ CRPH၊ NUG၊ PDF တို့နှင့် ပတ်သက်ခြင်း အားပေးကူညီခြင်းများ ပြုလုပ်ပါက အရေးယူသွားမည်ဟုလည်း ပါရှိသည်။

လက်ကမ်းစာစောင် ရရှိသူတစ်ဦးကမူ ချင်းဘာသာ စကားဖြင့် ရေးသားထားသည့် ဝါဒဖြန့်ချီရေး စာစောင်များမှ အရေးအသားများကို ချင်းလူမျိုးများပင် နားမလည်ဟု မှတ်ချက်ပြု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required