BPLA တပ်တော်က တော်လှန်ရေးတပ်သားများကို စစ်သင်တန်း ခေါ်

BPLA တပ်တော်က တော်လှန်ရေးတပ်သားများကို စစ်သင်တန်း ခေါ်

ဇန်နဝါရီ ၁၀

အာဏာသိမ်း စစ်ကောင်စီအား တော်လှန်တိုက်ထုတ်ရန် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) က တော်လှန်ရေး တပ်သားသစ်များ ခေါ်ယူနေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှ တရားဝင် ထုတ်ပြန်ကာ သင်တန်းသားများ ခေါ်ထားခြင်း ဖြစ်သည်။

သင်တန်းတက်လိုပါက BPLA Facebook Page Messenger တွင် တိုက်ရိုက် လျှောက်ထားနိုင်သည် ဟု BPLA တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသမှ တော်လှန်ရေး ရဲဘော်များအား စစ်သင်တန်း လာရောက်တက်နိုင်ကြောင်းနှင့် အတူတကွ တိုက်ပွဲ င်လိုကြောင်း ၎င်းက သတင်း စကားပါးသည်။

“အညာဘက်က လက်နက် အခက်အခဲရှိတဲ့ ရဲဘော်တွေကိုလည်း ကျွန်တော်တို့ တပ်တော်ထဲမှာ စစ်သင်တန်း လာတက်ပြီး ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ် “ဟုBPLA တာဝန်ရှိသူက ပြောသည်။

မဟာမိတ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ယုံကြည်ဖေးမမှုများဖြင့် BPLA သည် အမိန့်နာခံမှု၊ တိုက်ခိုက်စွမ်းရည်၊ စစ်စည်းကမ်း၊ ရဲဘော်ရဲဘက် စိတ်ဓာတ်နှင့် တော်လှန်ရေး ခံယူချက်တို့ ပြည့်ဝ ခိုင်မာလာအောင် စနစ်တကျ လေ့ကျင့် သင်ကြားပေးကာ စစ်သား/စစ်မေကောင်းများ မွေးထုတ်ပေးလျက် ရှိကြောင်း ထုတ်ပြန်ရေးသားထားသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ ကျန်းမာရေး ကောင်းမွန်ပြီး တော်လှန်ရေး စိတ်ဓာတ်ရှိသော မည်သူမဆို စစ်သင်တန်း လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားသည်။

BPLA ၏ နိုင်ငံရေးရည်မှန်းချက်များမှာ အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံး အဖိနှိပ်ခံ ဘဝမှလွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ်ယူနစ် (ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင် တည်ဆောက်ရေးနှင့် ပြည်သူလူထုတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး တို့ ဖြစ်သည်။

"ဘုံရည်မှန်းချက် တူညီသည့် အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်ကာ တိုက်ပွဲများ ဆင်နွှဲသွားမည်" ဟုလည်း BPLA က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required