တနင်္သာရီတိုင်း၌ စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် ၁၁ လအတွင်း ပြည်သူ ၆၅ ဦးသေဆုံး

By ကိုရွှေမြိတ်
06 January 2022
တနင်္သာရီတိုင်း၌ စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် ၁၁ လအတွင်း ပြည်သူ ၆၅ ဦးသေဆုံး

ဇန်နဝါရီ ၆

တနင်္သာရီတိုင်း အတွင်းရှိ ခရိုင် သုံးခု၌ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ၁၁ လ အတွင်း ပြည်သူ ၆၅ ဦး သေဆုံးခဲ့ကြောင်း Bee Tenasserim အဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြရာတွင် ပူးပေါင်း ပါဝင်သော ပြည်သူများနှင့် CDM ဝန်ထမ်းများကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက မတရား ဖမ်းဆီး သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူများ ဖြစ်သည်။

Bee Tenasserim အဖွဲ့က ပြုစုထားသော စာရင်းများအရ တနင်္သာရီတိုင်း အတွင်း အမျိုးသား ၅၇ ဦးနှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၆၅ ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း ဆိုသည်။

ခရိုင်အလိုက် ပြုစုထားသော စာရင်းများအရ ထားဝယ်ခရိုင်တွင် ၃၄ ဦး၊ မြိတ်ခရိုင်တွင် ၁၉ ဦးနှင့် ကော့သောင်းခရိုင်တွင် ၁၂ ဦး စုစုပေါင်း ၆၅ ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အထိသာ ဖြစ်ပြီး Bee Tanasserim အဖွဲ့သို့ ဆက်သွယ် သတင်းပေးခြင်းနှင့် အဖွဲ့မှ ကောက်ယူ စုဆောင်းထားသော စာရင်းများ ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက စစ်ကြောရေးတွင် နှိပ်စက်ခြင်း၊ ကင်းလှည့်ရာတွင် ပစ်ခတ်မှုကြောင့် သေဆုံးခြင်း၊ လက်အောက်ခံ ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်း စသည့် ဖြစ်စဉ်များ ပါဝင်ပါက သေဆုံးသူ စာရင်း ပိုများနိုင်ကြောင်း ယင်းအဖွဲ့က ပြောဆိုထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၁၁ လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးခဲ့သည့် အပြစ်မဲ့ ပြည်သူ ၁၄၃၇ ဦးရှိပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

(မြိတ်မြို့တွင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြများအတွင်း ရိုက်ကူးထားသော ပုံများ ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly