လွတ်လပ်ရေးနေ့ ရန်ကုန်မြို့ နေရာအနှံ့တွင် ပေါက်ကွဲမှုများဖြစ်ပွား

လွတ်လပ်ရေးနေ့ ရန်ကုန်မြို့ နေရာအနှံ့တွင် ပေါက်ကွဲမှုများဖြစ်ပွား

ဇန်နဝါရီ ၅

ရန်ကုန်မြို့ရှိ တာမွေ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတ၊ မရမ်းကုန်းမြို့နယ်တို့၌ ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ပေါက်ကွဲမှုဖြစ်ပွားရာအနီး ရှိနေသူများထံမှ သိရသည်။

တာမွေမြို့နယ်ရှိ မြတ်မေတ္တာမွန်(MMTM) ဓာတ်ဆီဆိုင်အတွင်းထဲသို့ ညနေ ၆ နာရီဝန်းကျင်ခန့်က ဗုံးတစ်လုံးပစ်သွင်းခံခဲ့ရပြီး တာမွေ၊ ကျောက်မြောင်း ရထားသံလမ်းနားတွင်လည်း ည ၇ နာရီ၃၀ မိနစ်နှင့် ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် လှိုင်သာယာမြို့နယ် အနောက်ပိုင်း အမှတ်(၂၀)ရပ်ကွက် အပိုင်း( ၂ )တွင် ပြည်သူပိုင်အိမ်အား အဓမ္မသိမ်းဆည်းကာ ရုံးအဖြစ်ပြန်လည်ဖွဲ့စည်းထားသောရပ်ကျေးရုံးအား ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်တွင် From Zero To Hero မြို့ပြပြောက်ကျားအဖွဲ့မှ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့်အထိခိုက်အများအပြားရှိခဲ့သည်။

ဖြစ်စဉ်ကြောင့်ရပ်ကွက်နေ လူငယ်တစ်ဦးအား ဝိုင်းဝန်းထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းကိုလည်း ထပ်မံသိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ည ၈ နာရီ ၅၂ မိနစ်ခန့်က မြောက်ဥက္ကလာပနှင့် မြောက်ဒဂုံ ကိုဆက်သွယ်ထားသည့် ငမိုးရိပ်တံတား(ဗိုလ်ဗထူး)ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ကင်းစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၁၀ မိနစ်ပတ်ဝန်းကျင်တွင် သုဓမ္မာလမ်းမ နှင့် ခေမာသီလမ်းမထောင့်ရှိ ကန်သာယာလမ်းဆုံအနီးတွင် ဗုံးပေါက်ကွဲခဲ့သည်။

ယင်းအပြင် သာကေတ၊ ၃/ရန်ပြေရပ်ကွက်တွင်လည်း ည ၉ နာရီ ၁၅ မိနစ်ခန့် က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားအင်အားအများအပြားရောက်ရှိလာခဲ့သည်။

ဇန်နဝါရီ ၄ရက် နံနက် ၅ နာရီတွင် ရွေပြည်သာ၊ လှော်ကားနယ်မြေရဲစခန်းအား Mayangone & Insein Youth Defence Joint Forces မှ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အ၀င်ပေါက်တွင် ကင်းစောင့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်တွင် ည ၉ နာရီ ၂၀ မိနစ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံစာ - ရန်ကုန်မြို့တနေရာတွင်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ။ (photo -AFP) ပုံဟောင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly