စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ အလဟဿ ဖြစ်ခဲ့ရဟု KNU ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပြော

စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ အလဟဿ ဖြစ်ခဲ့ရဟု KNU ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပြော

ဒီဇင်ဘာ ၃၀

စစ်အာဏာသိမ်းမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ အလဟဿ ဖြစ်ခဲ့ရသည်ဟု KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျရောက်မည့် ၂၇၆၁ ခုနှစ် ကရင့် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကာလများတွင် KNU သည် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပြည်သူလူထု အားလုံးကို ပူးပေါင်းကာ အပစ်အခတ် ရပ်စဲရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ရင်းနှီး လုပ်ကိုင်ခဲ့ကြောင်း ဆိုထားသည်။

သို့သော် စစ်အာဏာရှင်များအနေဖြင့် နိုင်ငံရေးပြဿနာကို မှန်ကန်သော စိတ်စေတနာနှင့် ဖြေရှင်းလိုစိတ် ကင်းဝေးနေသမျှ တွေ့ဆုံဆွေးနွေးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုများ ဖြစ်ပေါ် တိုးတက်လာနိုင်မည် မဟုတ်ဟု ဆိုသည်။

အလားတူ ခေတ်အဆက်ဆက် အုပ်ချုပ်သူများ အနေဖြင့် နိုင်ငံရေး ဆန္ဒနှင့် ကောင်းမွန်သည့် နိုင်ငံရေး အတွေးအမြင်များ မရှိခဲ့ကြဟုလည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များက ပကတိ အခြေအနေနှင့် ဖြစ်ရပ်မှန်များကို နားလည်ကြကာ လက်နက်ကိုင် တော်လှန် နေကြသည်ကို တွေ့နေရပြီဟု သဝဏ်လွှာတွင် ရေးသားထားသည်။

မိမိကိုယ်ကိုယ် ကရင်အမျိုးသား၊ ကရင်အဖွဲ့အစည်းဟု ခံယူထားသူများ အနေဖြင့်လည်း မိမိတို့ အမျိုးသားရေး၊ အနာဂတ်ဘဝ ရှင်သန်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ် ရမည်ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားများ အနေဖြင့် အတင်းအဓမ္မ လုပ်ယူခံထားရသည့် အခွင့်အရေးများကို ပြန်လည် ရယူပြီး အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီး ဖြစ်နေသည့် မတရားသော နိုင်ငံရေးစနစ်များကို တွန်းလှန် တိုက်ဖျက်ရမည် ဟုလည်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required