မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရေး အမေရိကန် တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရေး အမေရိကန် တိုက်တွန်း

ဒီဇင်ဘာ ၂၉

ကယားပြည်နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လူ ၃၅ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့မှုဖြစ်ပြီးနောက် မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့တားဆီးရေးအတွက် အမေရိကန်က ဒီဇင်ဘာ ၂၈ ရက်တွင် တိုက်တွန်းတောင်းဆိုသွားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် အမေရိကန်အနေဖြင့် မြန်မာတွင် နှစ်သစ်ကူးကာလ အပစ်ရပ်စဲရန်နှင့် အကြမ်းဖက်မှု ချက်ချင်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုကြောင်း ပြောကြားသွားခဲ့သည်။ ယင်းမတိုင်မီ ပြီးခဲ့သည့် ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ဖြစ်သူကလည်း နှစ်သစ်ကူးကာလ အပစ်ရပ်ရေးအတွက် တောင်းဆိုထားခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီ ရည်မှန်းချက်ပန်းတိုင်ဆီ သွားနိုင်ဖို့ ဒီထက် ပိုလုပ်သွားရပါလိမ့်မယ်၊ တရားမျှတမှုနဲ့ တာဝန်ယူ၊တာဝန်ခံမှုကို အားပေးထောက်ခံတာ၊ စစ်တပ်ကို လက်နက်နဲ့ နှစ်မျိုးသုံး နည်းပညာတွေ ရောင်းချမှု အဆုံးသတ်စေတာတို့ အပါအဝင် မြန်မာမှာ ရက်စက်ယုတ်မာမှုလုပ်ရပ်တွေ ထပ်မဖြစ်အောင် ကူညီ ဟန့်တားသွားရပါလိမ့်မယ်" ဟု နက်ဒ် ပရိုက်စ်က ပြောသွားခဲ့သည်။

မြန်မာဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို ထောက်ခံခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမှု ရှိစေရေး အားပေးရန် အမေရိကန်အနေဖြင့် ယင်း၏ ပါတနာများ၊ မဟာမိတ်များနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ပရိုက်စ်က ပြောသွားခဲ့သည်။

မြန်မာတွင် အကြမ်းဖက်မှု ရပ်စဲရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ ဘေးကင်းလုံခြုံပြီး အဟန့်အတားမဲ့ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ရောက်ရှိစေရေးကို ထောက်ပံ့ရန်နှင့် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်စေရေးအတွက် အာဏာသိမ်းစစ်တပ်ကို သမ္မတ ဘိုင်ဒင် အစိုးရဘက်က ဆက်လက် ဖိအားပေးသွားမည်ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required