စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်-ကညင်မြိုင် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် အစောပိုင်း ၃ နာရီခန့်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကချင် သတင်းရင်းမြစ်များထံက သိရသည်။

ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အထိုင် ခြေမြန်တပ်ရင်း နှစ်ခုဖြစ်သည့် ခမရ ခြေမြန်တပ်ရင်း (၃၈၃ )နှင့် ခြေမြန် တပ်ရင်း (၃၈၄) တို့ သိမ်းပိုက်ခံရခြင်း ဖြစ်သည်။

အဆိုပါ စခန်းနှစ်ခုကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ် အခြေစိုက် သတင်းဌာနများကို အတည်ပြု ဖြေဆိုထားသည်။

ယခု တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ (၉) လက်အောက်ရှိ တပ်ရင်း (၄၄) နှင့် PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံက ပြောသည်။

စစ်ကောင်စီဘက်က ယခုကဲ့သို့ အထိုင်တပ်ရင်းများ တိုက်ခိုက်ခံရပြီး ထိခိုက်ကျရှုံးမှုများ ရှိလာသည့် အတွက် တိုက်ပွဲ စဖြစ်ပြီး ၂ နာရီခန့် အကြာတွင် စစ်ရဟတ်ယာဉ် တစ်စီး‌ရောက်လာပြီး ငါးကြိမ်ခန့် လာပစ်သွားကြောင်း တွေ့မြင်လိုက်ရသည့် ဒေသခံများက ပြောသည်။

ယခု တိုက်ခိုက်ခံရသည့် အထိုင် ခြေမြန်တပ်ရင်း နှစ်ခုသည် ၎င်းတို့ တပ်ဖွဲ့ဝင် အများစုကို ကရင်ပြည်နယ်နှင့် တောင်ငူဒေသသို့ စစ်ကူ ပေးပို့ထားပြီး နောက်ချန် တပ်ဖွဲ့ဝင်အချို့သာ ထားရှိခဲ့ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် စစ်သည် သတင်းရင်းမြစ်များထံက ကနဦး စုံစမ်း သိရှိရသည်။

နောက်ချန် တပ်ဖွဲ့ဝင်အချို့သာရှိသည့် အဆိုပါတပ်ရင်း နှစ်ခုကို မိုးကောင်းမြို့ အခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်ရင်းက တွဲဖက် တာဝန်ယူထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required