မြန်မာအာဏာသိမ်းစစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ အဆက်အဆံဖြတ်တောက်ရန် ဂျပန်ကို HRW တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ အဆက်အဆံဖြတ်တောက်ရန် ဂျပန်ကို HRW တိုက်တွန်း

ဒီဇင်ဘာ ၂၀

မြန်မာအာဏာသိမ်းစစ်တပ်၏ အရာရှိလောင်းများကို လေ့ကျင့်သင်တန်းပေးသည့် စစ်ဘက်ဆိုင်ရာ ပရိုဂရမ်တစ်ခုကို ရပ်ဆိုင်းပြီး မြန်မာစစ်တပ်နှင့်အကြား စစ်ဘက်ဆိုင်ရာ အဆက်အဆံများ ဖြတ်တောက်ရေးအတွက် ဂျပန်နိုင်ငံကို နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဒီဇင်ဘာ ၂၀ ရက်တွင် တိုက်တွန်းလိုက်သည်။

မြန်မာတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဂျပန်သည် အကူအညီသစ် ပေးအပ်မှု ရပ်ဆိုင်းထားပြီး မြန်မာစစ်တပ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် တောင်းဆိုထားခဲ့သည်။ သို့သော် စီးပွားရေး အရေးယူပိတ်ဆို့မှုကဲ့သို့သော ပိုမိုအားကောင်းပြင်းထန်သည့် လုပ်ဆောင်ချက်များလုပ်ဆောင်ရေး ဂျပန်ကို လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားကြသည်။

ဂျပန်သည် မြန်မာ့ဒီမိုကရေစီကို ယင်း၏ အားပေးထောက်ခံမှုနှင့် မြန်မာ၌ တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အားထုတ်မှုများနှင့်အကြား ဟန်ချက်ညီစေရန် ကြိုးပမ်းထားခဲ့ကြောင်း တာဝန်ရှိသူများနှင့် အကဲခတ်များက ပြောကြသည်။

မြန်မာနှင့် ဂျပန် တို့တွင် ပညာရေးဆိုင်ရာ ဖလှယ်မှု ပရိုဂရမ်တစ်ခု ရှိပြီး ယင်းပရိုဂရမ်အောက်တွင် မြန်မာအာဏာသိမ်းစစ်တပ်မှ အရာရှိလောင်း ရှစ်ဦးသည် ဂျပန်၏ အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် ပညာသင်ယူလျက် ရှိသည်။

မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်မည့် လုပ်ဆောင်ချက်တိုင်းက မြန်မာတွင် တရုတ်၏ သြဇာ ပိုအားကောင်းစေမည့် ရလဒ် ထွက်သွားနိုင်ကြောင်း မတ်လက ဂျပန်ကာကွယ်ရေးဒုဝန်ကြီးက ရိုက်တာကို ပြောခဲ့သည်။

"မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေက ပြည်သူတွေအပေါ်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေချိန်မှာ မြန်မာအာဏာသိမ်းစစ်တပ် အရာရှိလောင်းတွေကို စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုတွေ ဂျပန်ဘက်က ပေးအပ်နေတာကတော့ မတွေးတတ်အောင် ဖြစ်ရပါတယ်" ဟု HRW က ထုတ်ပြန်သည်။

ပြည်ပနိုင်ငံများမှ စစ်ဗိုလ်လောင်းများအတွက် ပညာရေး ဖလှယ်မှု ပရိုဂရမ်တွင် ဂျပန် ဗိုလ်လောင်းများ သင်ယူသည့် တူညီသော သင်တန်းများကို သင်ကြားပေးကြောင်း အကယ်ဒမီ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်း ဂျပန် အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် မြေပြင်တိုက်ခိုက်ရေးမှ စပြီး အခြေခံ ကွပ်ကဲ၊ စစ်ဆင်ရေး ဆောင်ရွက်မှုအထိ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ရှိသည်။

အမျိုးသား ကာကွယ်ရေးအကယ်ဒမီကို စီမံခန့်ခွဲနေသည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက HRW ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး မှတ်ချက်ပေးခြင်း မရှိသေးပေ။

မြန်မာအာဏာသိမ်းစစ်တပ်နှင့်အကြား စီးပွားရေး ဆက်ဆံပတ်သက်မှုများနှင့်ပတ်သက်ပြီး ထုတ်ဖော်ဖွင့်ချမှုများက တိုကျိုနှင့် ဂျပန်ကုမ္ပဏီများအတွက် ဖိအားများ ပိုမိုကျရောက်စေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

မြန်မာစစ်တပ်သည် ရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြတ်ချကာ အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ၏ လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁,၃၀၀ ကျော် သေဆုံးထားခဲ့ပြီဖြစ်ကြောင်း လွတ်လပ်သော လေ့လာစောင့်ကြည့်သူများက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required